တောင်ကိုရီးယားနိုင်ငံရဲ့ သမိုင်းမှာ နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအပြောင်းအလဲတွေနဲ့ ပတ်သက်တဲ့ နောက်ခံမှတ်တမ်းတွေထဲမှာဆိုရင် စစ်အုပ်ချုပ်ရေး (Martial Law) က တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းဆီကို ခရီးနှင်ခဲ့တဲ့သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်မှာ ဂျပန်လက်အောက်ကနေ လွတ်မြောက်ခဲ့တာနဲ့အတူ ကိုရီးယားကျွန်းဆွယ်ဟာ ၃၈ မျဉ်းပြိုင်အတိုင်း ဆိုဗီယက်ပြည်ထောင်စုနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ နယ်မြေခွဲခြားသတ်မှတ်ခြင်းကို ခံခဲ့ရပါတယ်။ ၁၉၄၈ ခုနှစ်မှာတော့ မတူညီတဲ့အစိုးရနှစ်ခုနဲ့အတူ Democratic People’s Republic of Korea (North Korea) နဲ့ Republic of Korea (South Korea) ဆိုပြီး နှစ်နိုင်ငံကွဲသွားခဲ့ပါတယ်။
၁၉၄၈ မှာတောင်ကိုးရီးယားရဲ့ ပထမဆုံးသမ္မတအဖြစ် Syngman Rhee က ရွေးကောက်ခံရပါတယ်။ အုပ်ချုပ်မှုအစောပိုင်းကာလတွေမှာ ဒီမိုကရေစီဆန်ခဲ့ပေမယ့်လည်း နောက်ပိုင်းအာဏာရှင်ပုံစံအတိုင်း သိသိသာသာ ပြောင်းလဲအုပ်ချုပ်ခဲ့ပြီး အကျင့်ပျက်ခြစားမှုတွေ၊ ရွေးကောက်ပွဲမသမာမှုတွေနဲ့အတူ ၁၉၆၀ ခုနှစ်မှာ ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကြောင့် ရာထူးက နုတ်ထွက်ပေးခဲ့ရပါတယ်။ ဒါပေမယ့်လည်း ၁၉၆၁ မှာ ပတ်ချုံဟီး ဦးဆောင်တဲ့ စစ်တပ်အာဏာသိမ်းမှုကနေတစ်ဆင့် တောင်ကိုရီးယားရဲ့ နိုင်ငံရေးလွတ်လပ်ခွင့်တွေဟာ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ခံခဲ့ရပါတယ်။ ၁၉၇၂ ခုနှစ်မှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး အဲ့ဒီကာလတွေကို တောင်ကိုရီးယားရဲ့ အမှောင်ခေတ်လို့တောင် ခေါ်စမှတ်တွင်ခဲ့ကြပါတယ်။
၁၉၇၉ မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပြီး ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းတာတွေနဲ့အတူ သတင်းအချက်အလက် ဖြတ်တောက်တာတွေ လုပ်ခဲ့ပါတယ်။ ၁၉၇၉ ခုနှစ် ပတ်ချုံးဟီး လုပ်ကြံခံရမှုအပြီးမှာလည်း နောက်ထပ်အာဏာသိမ်းမှုနဲ့အတူ ၁၉၈၀ ခုနှစ်မှာ ချန်ဒူးဟွမ် အာဏာရခဲ့ပါတယ်။ ဒီလိုအခြေအနေတွေမှာပဲ ၁၉၈၀ မှာ ဒီမိုကရေစီလှုပ်ရှားမှုအနေနဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးမားဆုံး လူထုအုံကြွမှုကြီးဖြစ်တဲ့ ဂွမ်ဂျုးအရေးအခင်းဖြစ်လာခဲ့ပြီး ဒီမိုကရေစီအရေးလှုပ်ရှားကြသူတွေဟာ ပြင်းပြင်းထန်ထန် ဖိနှိပ်ခံခဲ့ရပေမယ့်လည်း တိုင်းပြည်ကို ဒီမိုကရေစီအသွင်ကူးပြောင်းဖို့အတွက် အရေးပါတဲ့အပြောင်းအလဲတစ်ခု ဖြစ်လာစေခဲ့ပါတယ်။ ဒါကြောင့် ၁၉၈၇ ခုနှစ်မှာ ပြုပြင်ပြောင်းလဲမှုတွေကို စတင်လုပ်ဆောင်ခဲ့ပြီး ဒီမိုကရက်တစ် အင်စတီကျုးရှင်းတွေနဲ့ မူဝါဒတွေကို စတင်ပုံဖော်လာခဲ့ပါတယ်။ အဲ့ဒီ ၁၉၉၂ ကနေစတင်ပြီး အခုအချိန်ထိ တောင်ကိုရီးယားဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ထားတဲ့ အရပ်သားအစိုးရအုပ်ချုပ်မှုအောက်မှာပဲ ရှိခဲ့ပြီး အစိုးရတွေရဲ့ ဦးဆောင်မှုနဲ့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားပြီး လေးစားလိုက်နာမှု၊ ဒီမိုကရေစီအင်စတီကျူးရှင်းတွေ ခိုင်မာအားကောင်းလာမှု၊ ဒီမိုကရေစီအတွက်အရေးပါတဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးနဲ့အတူ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေ ပုံမှန်ကျင်းပပြီး အစိုးရကို ရွေးကောက်တင်မြောက်မှုတို့ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ဒီမိုကရေစီကို နှစ်ပေါင်း ၄၀ ကျော်ကာလမှာ တစ်ဆင့်ပြီးတစ်ဆင့် ခိုင်မာစွာ ရင့်သန်စေခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃ရက်နေ့ ညပိုင်းမှာတော့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးက ရုပ်မြင်သံကြားမိန့်ခွန်းကနေ နိုင်ငံတော်ကို မြောက်ကိုရီးယားနဲ့ မြောက်ကိုရီးယားကိုထောက်ခံတဲ့ အင်အားစုတွေရဲ့ ခြိမ်းခြောက်မှုရန်ကနေ ကာကွယ်ဖို့အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရုတ်တရက် အရေးပေါ် စစ်အုပ်ချုပ်ရေးကို ကြေညာခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးဥပဒေဆိုတာ အရပ်ဘက်အာဏာပိုင် အုပ်ချုပ်ရေးအဖွဲ့တွေက နိုင်ငံကို လည်ပတ်အောင် အုပ်ချုပ်နိုင်စွမ်းမရှိတော့တဲ့ အရေးပေါ် အခြေအနေမျိုးမှာ စစ်တပ်က နိုင်ငံကို ယာယီအုပ်ချုပ်တဲ့ဥပဒေဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးဥပဒေအရ လက်ရှိအစိုးရ ကျင့်သုံးနေတဲ့ အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ ဥပဒေကြောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအားလုံးကို ဆိုင်ငံ့ပြီး စစ်အုပ်ချုပ်ရေးလက်အောက်ကို လွှဲပြောင်းပေးအပ်ရတာပဲဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးဟာ ယာယီဆိုပေမယ့် အချိန်အကန့်အသတ်နဲ့ မဟုတ်ဘဲ လိုအပ်သလို သက်တမ်းထပ်တိုးနိုင်တဲ့ အခွင့်အရေးလည်း ရှိနေပါတယ်။ စစ်အုပ်ချုပ်ရေးအောက်ကျရောက်သွားတာနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်တွေနဲ့ မီဒီယာလွတ်လပ်ခွင့်တွေကစလို့ ပုံမှန်နိုင်ငံသားအခွင့်အရေးတွေဟာလည်း ကန့်သတ်ခံရနိုင်ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကယ်၍ လွှတ်တော်အမတ်အများစုက မဲခွဲကန့်ကွက်မယ်ဆိုရင် အစိုးရအနေနဲ့ စစ်အုပ်ချုပ်ရေး ဥပဒေကို ပြန်လည်ရုပ်သိမ်းရမှာဖြစ်ပါတယ်။
ဒါကြောင့် သမ္မတရဲ့ ကြေညာချက်အပြီး နာရီပိုင်းအတွင်းမှာ အခြေအနေတွေဟာ အလျင်အမြန်ပဲ ပြောင်းလဲသွားခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်က လွှတ်တော်အမတ်တွေကို လွှတ်တော်မှာ စုဝေးကြဖို့ ဆော်ဩတိုက်တွန်းပြီးတဲ့နောက်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ချက်ချင်းပဲ ပိတ်ဆို့လိုက်ပါတယ်။ ဒါပေမယ့်လည်း အတိုက်အခံတွေနဲ့ စစ်အုပ်ချုပ်ရေးကြေညာမှုကို လက်မခံတဲ့ အမတ်တွေဟာ လွှတ်တော်ကို အမြန်ဆုံးရောက်ရှိလာခဲ့ကြပြီး စစ်အုပ်ချုပ်ရေးကြေညာချက်ကို ရုပ်သိမ်းပေးဖို့ ကန့်ကွက်မဲပေးနိုင်ခဲ့ပါတယ်။ လွှတ်တော်အမတ်တွေရဲ့ မဲခွဲဆုံးဖြတ်မှုကြောင့်ပဲ သမ္မတဟာ စစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်ရုပ်သိမ်းခဲ့ရပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ လွှတ်တော်အပြင်ဘက်မှာလည်း ပြည်သူတွေ စုရုံးပြီး ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။ နောက်နေ့မှာတော့ လူထုဟာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ သမ္မတယွန်းကို ရာထူးက နုတ်ထွက်ပေးဖို့လည်း စုဝေး ဆန္ဒပြတောင်းဆိုခဲ့ကြပြီး လွှတ်တော်အမတ်တွေကလည်း သမ္မတကို ရာထူးက ဖြုတ်ချနိုင်တဲ့ ပြစ်ချက်တင်ဖို့ လွှတ်တော်ကို အဆိုပြုခဲ့ကြပါတယ်။
တောင်ကိုရီးယားရဲ့ သမ္မတကို ရာထူးကနေ စွပ်စွဲဖြုတ်ချတဲ့ လုပ်ငန်းစဉ်ကတော့ ရိုးရှင်းပြီး အဆင့် ၃ ဆင့်ပဲ ရှိပါတယ်။ ပထမအဆင့်အနေနဲ့ လွှတ်တော်အမတ် ၃၀၀ ထဲက သုံးပုံနှစ်ပုံဖြစ်တဲ့ အနည်းဆုံး အမတ် ၂၀၀ ဦးက စွပ်စွဲဖြုတ်ချဖို့အတွက် ထောက်ခံမဲပေးရပါတယ်။ ဒုတိယအဆင့်ကတော့ အတည်ပြုပြီးသွားတဲ့အခါ အဖွဲ့ဝင် ၉ ဦးပါတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှာ တရားခွင်ကျင်းပပါတယ်။ တတိယအဆင့်မှာ ခုံရုံးက တရားသူကြီး အနည်းဆုံး ၆ ဦးက ဖြုတ်ချဖို့ ထောက်ခံရင် သမ္မတကို ရာထူးကနေ ဖယ်ရှားခံရမှာဖြစ်ပြီး ရက် ၆၀ အတွင်း ရွေးကောက်ပွဲကို ပြန်လုပ်ရမှာဖြစ်ပါတယ်။ အကယ်၍ ခုံရုံးက အတည်မပြုခဲ့ရင်တော့ သမ္မတဟာ သူ့တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အစိုးရဟာ တရားဥပဒေရဲ့ အထက်မှာမရှိဘူးဆိုတဲ့ စည်းမျဉ်းဥပဒေသကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာတွေကို သီးခြားခွဲဝေထားပြီး ဒီအာဏာသုံးရပ်လုံးဟာ တစ်ခုအပေါ်တစ်ခု လွှမ်းမိုးထားပြီး အပြန်အလှန်ထိန်းကျောင်း ကျင့်သုံးခြင်းအားဖြင့် အကောင်အထည်ဖော်သွားတာကို သိရှိနိုင်ပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာတော့ သမ္မတယွန်းကိုဖြုတ်ချဖို့ အဆိုတင်သွင်းမှု အောင်မြင်ခဲ့ပါတယ်။ နောက်ဆုံးသိရတဲ့ သတင်းတွေအရ သမ္မတကို ရာထူးကဖြုတ်ချဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ ကြားနာမှုစတင်ခဲ့ပြီဖြစ်ပြီး သမ္မတယွန်းဟာလည်း အဂတိလိုက်စားမှုစစ်ဆေးရေးရုံးရဲ့ ဖမ်းဆီးမှုကိုခံလိုက်ပြီဖြစ်ပါတယ်။ အခြေအနေတွေကတော့ ရှုပ်ထွေးနေသေးပေမယ့် သမ္မတယွန်းရဲ့ စစ်အုပ်ချုပ်ရေးကြေညာမှုဟာ ၆ နာရီသာကြာမြင့်ခဲ့ပြီး အရေးနိမ့်ခဲ့ပါတယ်။
တောင်ကိုရီးယားရဲ့ ဒီအဖြစ်အပျက်ကို ကြည့်မယ်ဆိုရင် ဒီမိုကရေစီရင့်ကျက်တဲ့နိုင်ငံတွေမှာ လူတစ်ဦးတစ်ယောက် သို့မဟုတ် အုပ်စုတစ်စုတစ်ဖွဲ့ အစရှိသဖြင့် ဘယ်သူကမှ ဥပဒေဘောင်ကို ကျော်လွန်ပြီး အာဏာအလွဲသုံးစားပြုလုပ်လို့မရတာကို မြင်တွေ့နိုင်ပါတယ်။ နှစ်ပေါင်းများစွာ အာဏာရှင်စနစ်လက်အောက်ကနေ ရုန်းထွက်လာခဲ့ပြီးတဲ့နောက် အာဏာရှင်စနစ်လက်အောက် ပြန်မကျရောက်ကြဖို့အရေး ကြိုးစားကြရာမှာ တောင်ကိုရီးယား ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်မှုကိုလည်း ချီးကျူးဂုဏ်ပြုရမှာဖြစ်ပါတယ်။ တစ်ဘက်မှာလည်း လူ့အခွင့်အရေးကို တန်ဖိုးထားပြီး လေးစားလိုက်နာမှုနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ စည်းမျဉ်းဥပဒေဘောင်တွေကို လိုက်နာတဲ့ နိုင်ငံရေးအင်စတီကျူးရှင်းတွေ အားကောင်းမှုကလည်း ဒီမိုကရေစီရင့်ကျက်ခိုင်မာမှုအတွက် အရေးပါတာကို တွေ့ရနိုင်ပါတယ်။
ကိုးကား
https://blogs.loc.gov/law/2024/12/falqs-south-korean-martial-law/
https://www.bbc.com/news/articles/c0lgw1pw5zpo
https://www.voanews.com/a/how-yoon-s-martial-law-bid-complicates-us-south-korea-ties/7932206.html
https://carnegieendowment.org/emissary/2024/12/south-korea-democracy-yoon-protests?lang=en
https://www.vox.com/world-politics/389580/south-korea-president-yoon-martial-law-north-korea