ယဉ်ကျေးမှု၊ ဘာသာစကား၊ ရိုးရာဓလေ့ထုံးတမ်းတွေ စုံလင်ကွဲပြားတဲ့အခါ ဒီမိုကရေစီဟာ ဖက်ဒရယ်စနစ်ကို ခိုင်မာစေမယ့် အခြေခံအုတ်မြစ်တစ်ခုဖြစ်လာပါတယ်။ ဖက်ဒရယ်စနစ်ဟာ အာဏာကို ဗဟိုအစိုးရနဲ့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရတို့အကြား ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွဲဝေထားပြီး လူမျိုးဘာသာပေါင်းစုံ တိုင်းရင်းသားတွေ အတူတကွ စည်းလုံးညီညွတ်စွာ ယှဉ်တွဲနေထိုင်နိုင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီအလေ့အထတွေကို ရှင်သန်အားကောင်းအောင် မလုပ်ထားဘူးဆိုရင် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရာမှာ တိုင်းရင်းသားလူမျိုးစုတွေအကြား သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်စေနိုင်ပြီး တည်ငြိမ်တဲ့အုပ်ချုပ်ရေစနစ်တစ်ခုအဖြစ် ရေရှည်တည်တံ့ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဟာဆိုရင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခု ဒါမှမဟုတ် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုတည်းကနေ အာဏာကိုလက်ဝါးကြီးအုပ်ရယူထားတာကို လျှော့ချပေးနိုင်သလို ဒီမိုကရေစီနည်းကျ တန်းတူညီမျှမှုနဲ့ ပါဝင်ဆောင်ရွက်မှုတွေကို လှုံ့ဆော်ပေးပြီး မတူကွဲပြားတဲ့အသံတွေကို ကိုယ်စားပြုနိုင်တဲ့ နိုင်ငံရေးစနစ်တစ်ခုကို ရေရှည်ထူထောင်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖြစ် အောင်မြင်စွာလည်ပတ်နေနိုင်တဲ့ နိုင်ငံတွေအနေနဲ့ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ နဲ့ အိန္ဒိယတို့က အထင်အရှားရှိကြပါတယ်။
မြန်မာနိုင်ငံမှာဆိုရင်လည်း တိုင်းရင်းသားလူမျိုး ရာဂဏန်းကျော်ရှိပြီး မတူကွဲပြားတဲ့ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းနောက်ခံတွေ အသီးသီးရှိကြပါတယ်။ ဒါတင်မကဘဲ ပထဝီအနေအထားအရလည်း ဒေသတစ်ခုနဲ့တစ်ခုက လူမှုရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှုတို့က ကွာခြားကြတာကို တွေ့နိုင်ပါတယ်။ ဒါ့အပြင် ကာလရှည်ကြာဖြစ်ပွားနေခဲ့တဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ နိုင်ငံရေးပဋိပက္ခ၊ လက်နက်ကိုင်ပဋိပက္ခတွေကိုလည်း အမြန်ဆုံးဖြေရှင်းဖို့လိုအပ်နေပါတယ်။ တိုင်းရင်းသားတွေအကြား သဟဇာတရှိစေဖို့၊ မတူကွဲပြားမှုတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အပြင် ပြည်နယ်ဒေသတွေအကြား ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံရေးတည်ငြိမ်မှုရရှိဖို့အတွက် အထိရောက်ဆုံးဖြေရှင်းချက်အဖြစ် ပြည်သူတွေရော၊ နိုင်ငံရေးအစုအဖွဲ့တွေ အများစုကပါ ဖက်ဒရယ်စနစ်ကို အသိအမှတ်ပြုကြပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်တစ်ခုကို ခိုင်ခိုင်မာမာ အုတ်မြစ်ချနိုင်ဖို့အတွက်ဆိုရင် အာဏာကို ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး ဒီမိုကရေစီနည်းကျ အားလုံးပါဝင်တဲ့ အုပ်ချုပ်ရေးစနစ်ကို တည်ဆောက်ရမှာပဲဖြစ်ပါတယ်။
ဖက်ဒရယ်စနစ်ရဲ့ အဓိကအားသာချက်ကတော့ ပထဝီဒေသ၊ လူမျိုး၊ ဘာသာစကား၊ ယဉ်ကျေးမှု မတူကွဲပြားတဲ့ လူအုပ်စုအချင်းချင်းကြား လူမျိုးစု စုံလင်ကွဲပြားမှုတွေကို အသိအမှတ်ပြုလက်ခံနိုင်စွမ်းရှိတာပဲဖြစ်ပါတယ်။ ဗဟိုအစိုးရတစ်ခုတည်းကပဲချုပ်ကိုင်တဲ့ အုပ်ချုပ်ရေးစနစ်မျိုးမှာဆိုရင် တိုင်းရင်းသားတွေ လူနည်းစုတွေဟာ နိုင်ငံရေး၊ ယဉ်ကျေးမှု နဲ့ စီးပွားရေးစတာတွေမှာ ကန့်သတ်ချုပ်ချယ်ခံရတာမျိုးတွေ ကြုံတွေ့ရလေ့ရှိပြီး မကျေနပ်မှုတွေကတစ်ဆင့် ပဋိပက္ခတွေဆီ လှုံ့ဆော်ဦးတည်လာပါတယ်။ ဖက်ဒရယ်စနစ်မှာတော့ လူမျိုးစုစုံလင်ကွဲပြားမှုတွေကြား အချင်းချင်း နားလည်လက်ခံနိုင်မှုနဲ့ နိုင်ငံရေးအရ သဘောတူညီမှုရယူနိုင်ပြီး လူတစ်ဦးချင်းစီရဲ့ အခွင့်အရေး၊ တိုင်းရင်းသားတွေနဲ့ လူမျိုးစုအသိုက်အဝန်းတွေရဲ့ ဘာသာစကား၊ ထုံးတမ်းစဉ်လာတွေ၊ ယဉ်ကျေးမှုတွေနဲ့ အခွင့်အရေးတွေကို လွှမ်းမိုးစွက်ဖက်ခြင်းမရှိဘဲ အာမခံချက်ပေးနိုင်ပါတယ်။ ဒေသအသီးသီးရဲ့ ပညာရေး၊ အုပ်ချုပ်မှုနဲ့ ယဉ်ကျေးမှု ထိန်းသိမ်းရေးကဏ္ဍတွေမှာလည်း ဗဟိုချုပ်ကိုင်မှုမရှိဘဲ ကိုယ်ပိုင်မူဝါဒတွေကို ချမှတ်နိုင်ဖို့အတွက် ခွင့်ပြုထားပြီး တိုင်းရင်းသားလူမျိုးနွယ်စုတွေအပေါ်မှာ အတင်းအဓမ္မယဉ်ကျေးမှုသွတ်သွင်းခြင်းတွေမဖြစ်အောင်လည်း အကာအကွယ်ပေးနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုတွေကြားမှာရှိတဲ့ တင်းမာမှုတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ဗဟိုအစိုးရရဲ့ ထိန်းချုပ်အုပ်စိုးမှုတွေ၊ စစ်တပ်ရဲ့ဖိနှိပ်မှုတွေနဲ့ သဘာဝသယံဇာတတွေကိုရရှိဖို့ အပြိုင်အဆိုင်ကြိုးစားရာကနေတစ်ဆင့် ပိုပြီး ဆိုးရွားလာခဲ့တာဖြစ်ပါတယ်။ ဒီလို ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ဆိုရင် အာဏာခွဲဝေကျင့်သုံးပြီး အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ အပြန်အလှန်လေးစားမှုတွေ တည်ဆောက်ပြီး လျှော့ချနိုင်ပါတယ်။ အဲ့ဒီအတွက်လည်း ပြည်နယ်/တိုင်းရင်းသားဒေသတွေမှာရှိတဲ့ လူမှုအဖွဲ့အစည်း/ အသိုက်အဝန်းတွေမှာ ခေါင်းဆောင်တွေကို ကိုယ်တိုင်ရွေးချယ်ခွင့်ရှိပြီးတော့ ဒေသတွင်းဆိုင်ရာကိစ္စရပ်တွေမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချခွင့်ရှိဖို့လည်း လိုအပ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဟာဆိုရင် တိုင်းရင်းသားလူမျိုးစုတွေကြား အချင်းချင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးပြီးတော့ ပိုမိုကျယ်ပြန့်တဲ့ ပြည်ထောင်စုဆိုင်ရာကိစ္စတွေမှာလည်း ပါဝင်နိုင်ဖို့အတွက် အခွင့်အရေးရစေပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် နိုင်ငံရေးအာဏာနဲ့ နယ်မြေတွေ၊ သယံဇာတတွေ အပြိုင်အဆိုင်ရယူဖို့ ကြိုးစားရာကဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကို လျှော့ချနိုင်မှာဖြစ်ပြီး ပြည်နယ်တစ်ခုနဲ့တစ်ခုကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အရေးရှိတဲ့ နိုင်ငံရေးစနစ်တစ်ခုကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်။
စစ်မှန်တဲ့ညီညွတ်မှုဆိုတာ ဒီမိုကရေစီအလေ့အထတွေထဲက တစ်ခုဖြစ်တဲ့ မတူကွဲပြားမှုတွေကို လေးစားမှုရှိပြီး နားလည်လက်ခံရာကနေ အခြေခံပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားမျိုးနွယ်စုအသိုက်အဝန်းတွေအနေနဲ့ ကွဲပြားတဲ့ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကို ထိန်းသိမ်းရင်းနဲ့ အတူမျှဝေထားတဲ့ နိုင်ငံရေးဝိသေသတစ်ခုဖြစ်တဲ့ ဖက်ဒရယ်မူဘောင်အတွင်းမှာ နိုင်ငံရေး တည်ငြိမ်မှု၊ လုံခြုံမှုနဲ့ စွမ်းဆောင်နိုင်မှုရှိတယ်လို့ ခံစားလာကြရတဲ့အခါ ပဋိပက္ခတွေမဖြစ်တော့ဘဲ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့၊ အခြေခံအဆောက်အအုံနဲ့ လူမှုရေးလုပ်ငန်းစဉ်တွေ တိုးတက်ကောင်းမွန်လာစေဖို့ ပိုပြီးအာရုံစိုက်လာနိုင်ကြမှာ ဖြစ်ပါတယ်။
ဖက်ဒရယ်စနစ်ရဲ့ ဖွဲ့စည်းပုံနဲ့ နည်းနာတွေအပေါ် အဓိပ္ပာယ်သတ်မှတ်တဲ့အခါ အင်အားစုတွေအကြား မတူညီတဲ့ အတွေးအခေါ်နဲ့ မူဝါဒတွေရှိနေကြပေမယ့်လည်း အစုအဖွဲ့တွေအားလုံးဖြစ်တဲ့ နိုင်ငံရေးအင်စတီကျူးရှင်းတွေ၊ တိုင်းရင်းသားမျိုးနွယ်စုတွေ၊ နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေအားလုံးဟာ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ ဘုံသဘောတူညီချက်တည်ဆောက်မှုတွေမှာ ပါဝင်နိုင်ဖို့ အရေးကြီးပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးခြင်းအားဖြင့် မြန်မာနိုင်ငံဟာ အတူတကွမျှဝေထားကြတဲ့ ဘုံနိုင်ငံရေးရည်မှန်းချက်ပန်းတိုင်ရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စုအားလုံးသဟဇာတဖြစ်ပြီး အပြန်အလှန်လေးစားမှုရှိပြီး နိုင်ငံရေးတည်ငြိမ်မှုရှိတဲ့ အနာဂတ်တစ်ခုဆီကို ရှေ့ဆက်လျှောက်လှမ်းသွားနိုင်မှာပဲ ဖြစ်ပါတယ်။