လူမှုတရားမျှတမှုဆိုတာ လူ့အဖွဲ့အစည်းထဲမှာ မတူညီတဲ့ လူမှုစီးပွားရပိုင်ခွင့်တွေကြောင့် ဖိနှိပ်ခံရတာတွေ ခွဲခြားဆက်ဆံခံရတာတွေကို ထုတ်ဖော်ကာကွယ်ပေးပြီး လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အခွင့်အရေးတွေကို မဆုံးရှုံးရအောင် ကာကွယ်လုပ်ဆောင်ပေးတဲ့ တရားမျှတမှုပုံစံဖြစ်ပါတယ်။ ဒီတရားမျှတမှုပုံစံဟာ သမားရိုးကျ ကျင့်သုံးတဲ့ မတရားမှုဖြစ်ပေါ်လာမှသာ အရေးယူဆောင်ရွက်ပေးတဲ့ပုံစံမျိုးမဟုတ်ဘဲ လူ့အဖွဲ့အစည်းထဲက လူမှုစီးပွားရေးမတူညီမှုကြောင့် ဖြစ်ပေါ်လာတဲ့ မတရားမှုတွေကို ဖြေရှင်းဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ဒါကြောင့် လူမှုတရားမျှတမှုဆိုတာ လူ့အဖွဲ့အစည်းတွေထဲမှာ ဆင်းရဲသူတွေ၊ လူနည်းစုတွေ၊ အမျိုးသမီးတွေ၊ မသန်စွမ်းသူတွေ အပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်ပြီး မတရားမှုတွေ မပြုလုပ်လာနိုင်အောင် လုပ်ဆောင်ပေးတာဖြစ်ပါတယ်။
ဒီလိုမျိုး လူမှုတရားမျှတမှုပုံစံကိုလုပ်ဆောင်တဲ့အခါမှာ ကျား-မတန်းတူညီမျှရေး (Gender Equality) လှုပ်ရှားမှုတွေလည်း ပါဝင်နေလျက်ရှိပါတယ်။ ကျား-မတန်းတူညီမျှမှုဆိုတာ လူ့အဖွဲ့အစည်းထဲမှာ ကျား-မ ဖြစ်တည်မှုနဲ့ လိင်စိတ်ခံယူမှု အပေါ်ခွဲခြားဆက်ဆံခြင်းမရှိဘဲ တန်းတူညီမျှတဲ့ ရပိုင်ခွင့်တွေ၊ အလုပ်အကိုင်တွေနဲ့ တူညီစွာဆက်ဆံခံရမှုတွေ ရရှိခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ အထူးသဖြင့် လူ့အဖွဲ့အစည်းထဲမှာ အမျိုးသမီးတွေအပေါ် ဖိနှိပ်ဆက်ဆံမှုတွေကို ပပျောက်အောင်နဲ့ တန်းတူအခွင့်အရေးရရှိလာအောင် လှုပ်ရှားဆောင်ရွက်တာဖြစ်ပါတယ်။ ဒီကျား-မတန်းတူညီမျှရေး လှုပ်ရှားမှုတွေဟာ လူမှုတရားမျှတမှုဆိုင်ရာလှုပ်ရှားမှုတွေရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့ ၁၉ ရာစုနှောင်းပိုင်းမှာ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။
ကျား-မတန်းတူညီမျှရေးလှုပ်ရှားမှုရဲ့အစလို့ ဆိုနိုင်တဲ့ First Wave of Feminism ဟာ ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစုအစောပိုင်းတွေမှာ စတင်ခဲ့ပါတယ်။ ဒီပထမဆုံး Feminism လှိုင်းဟာ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ အမျိုးသမီးတွေရဲ့ နိုင်ငံသားအနေနဲ့ မဲပေးပိုင်ခွင့်ရရှိရေး (Right to Vote) လှုပ်ရှားမှုတွေနဲ့ စတင်ခဲ့တာဖြစ်ပြီး အကြီးမားဆုံးရလဒ်အနေနဲ့ နိုင်ငံအများအပြားမှာ အမျိုးသမီးတွေ မဲပေးခွင့်ရရှိစေခဲ့ပါတယ်။ ပထမဆုံးအမျိုးသမီးအခွင့်အရေးဆိုင်ရာစည်းဝေးပွဲအဖြစ် ၁၈၄၈ ခုနှစ် အမေရိကန်ပြည်ထောင်စုမှာ Seneca Falls Convention ကိုကျင်းပခဲ့ပါတယ်။ ဒီစည်းဝေးပွဲကနေတဆင့် နိုင်ငံရေး၊ ပညာရေး၊ လူမှုရေး၊ ဘာသာရေး၊ မိသားစုအရေး၊ အလုပ်အကိုင် နဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေမှာ အမျိုးသမီးတွေရဲ့တန်းတူညီမျှရရှိရေးကို ထုတ်ဖော်တောင်းဆိုနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ၁၉၂၀ ခုနှစ် အမေရိကန်ပြည်ထောင်စုရဲ့ ၁၉ ကြိမ်မြောက် အခြေခံဥပဒေပြင်ဆင်ချက်မှာ အမျိုးသမီးတွေရဲ့ မဲပေးခွင့်ကို ထည့်သွင်းလာခဲ့ပြီး ဗြိတိန်မှာဆိုရင်လည်း ၁၉၂၈ ခုနှစ်မှာ အသက် ၂၁ နှစ်အထက် အမျိုးသမီးတွေဟာ မဲပေးပိုင်ခွင့်ကို အပြည့်အဝ ရရှိလာခဲ့ပါတယ်။
First Wave of Feminism ရဲ့ နောက်ဆက်တွဲ လှိုင်းလုံးဖြစ်တဲ့ Second Wave of Feminism မှာလည်း ပထမအရွေ့မှာ တောင်းဆိုခဲ့တဲ့ အခွင့်အရေးတွေအပြင် ပိုမိုကျယ်ပြန့်လာတဲ့ ကိစ္စရပ်တွေဖြစ်တဲ့ လိင်စိတ်ခံယူမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ လုပ်ငန်းခွင်တွင်းခွဲခြားဆက်ဆံခံရမှု၊ မျိုးဆက်ပွားခြင်းဆိုင်ရာ ကျန်းမာရေးနဲ့ အခွင့်အရေးတွေ အထိပါ ထုတ်ဖော်လာကြပါတယ်။ Women’s Liberation Movement လို့လည်းသိကြတဲ့ ဒီအမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုတွေဟာ လူ့အဖွဲ့အစည်းမှာအမြစ်တွယ်နေတဲ့ အမျိုးသားဝါဒ ကြီးစိုးမှု (Patriarchy) တွေကြောင့် ဥပဒေကြောင်းအရရော မညီမျှတဲ့လူမှုရေးစံနှုန်းသတ်မှတ်ချက်တွေအရပါ အမျိုးသမီးတွေအပေါ် ဖိနှိပ်ခံရမှုတွေကို ထုတ်ဖော်လာကြပါတယ်။ အဲ့ဒီကနေတစ်ဆင့် တရားဥပဒေပြုရေး လမ်းကြောင်းတွေကနေပါ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ တောင်းဆိုလာကြပါတယ်။ ဒီလှုပ်ရှားမှုဟာ ၁၉၆၀ ဝန်းကျင်ကာလတွေမှာ စတင်ခဲ့တာဖြစ်ပြီး တခြားသောလှုပ်ရှားမှုတွေဖြစ်တဲ့ Civil Rights Movement နဲ့ Student Rights’ Movements တွေနဲ့အတူ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
၁၉၉၀ နောက်ပိုင်းမှာတော့ Third Wave of Feminism စတင်ခဲ့ပြီး အမျိုးသမီးတွေရဲ့ အခွင့်အရေး ရပိုင်ခွင့်နဲ့ တန်းတူညီမျှမှု လှုပ်ရှားမှုတွေအပြင် လူ့အဖွဲ့အစည်းမှာ သတ်မှတ်ထားတဲ့ လိင်ပိုင်းဆိုင်ရာခံယူမှုတွေကိုပါ မေးခွန်းထုတ်လာကြပါတယ်။ လူ့အဖွဲ့အစည်းအတွင်း လိင်ဖြစ်တည်မှု၊ မိန်းမပီသမှု၊ ယောက်ျားပီသမှုနဲ့ လှပမှု ဆိုင်ရာ စံနှုန်းတွေ သတ်မှတ်ထားကြတဲ့အပေါ်မူတည်ပြီး ခွဲခြားဆက်ဆံတာတွေကို ဖော်ထုတ်ပြောင်းလဲဖို့ ကြိုးစားလာကြလာတာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုဟာ အမျိုးသမီးတွေရဲ့ မတူကွဲပြားတဲ့ အတွေ့အကြုံတွေနဲ့ ခံယူချက်တွေကို အသိအမှတ်ပြုလက်ခံလာစေတဲ့အပြင် လိင်ဖြစ်တည်မှု စံနှုန်းအမြင်တွေကိုလည်း ပြောင်းလဲလာစေခဲ့ပါတယ်။
လက်ရှိအချိန်ထိ ဆက်လက်ရှိနေဆဲဖြစ်တဲ့ Fourth Wave of Feminism မှာဆိုရင် ၂၀၁၀ ခုနှစ်နောက်ပိုင်း တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာတွေနဲ့ လူမှုကွန်ရက်အသုံးပြုမှု ထွန်းကားလာတာကို အသုံးပြုပြီး အမျိုးသားတွေနည်းတူ အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်မှု (Women’s Empowerment) နဲ့ မိမိကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်နိုင်စွမ်းတွေကို ဖော်ထုတ်တင်ပြတဲ့ လှုပ်ရှားမှုတွေကို Digital Platforms တွေကတစ်ဆင့် လုပ်ဆောင်လာကြပါတယ်။ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးတွေမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်ပါဝင်နိုင်မှုနဲ့ ကဏ္ဍတိုင်းမှာ အမျိုးသမီးတွေအနေနဲ့ တန်းတူပါဝင်နိုင်ဖို့ အခွင့်အရေးတွေကို တောင်းဆိုလာကြပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်ဖိနှိပ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်တည်မှုတွေကို ဝေဖန်လှောင်ပြောင်မှုတွေနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ စတဲ့ မတရားမှုတွေကို လူမှုကွန်ရက်တွေကနေ ဖော်ထုတ်ပြီး ဒီလိုကိစ္စရပ်တွေကို အရေးယူမှုတွေနဲ့ ကာကွယ်ပေးနိုင်ဖို့လည်း တက်ကြွစွာ လှုပ်ရှားဆောင်ရွက်လာကြပါတယ်။ ဒါ့အပြင် လိင်စိတ်ခံယူမှုကွဲပြားသူများလက်ထပ်ခွင့်ရရှိရေး နဲ့ မတူညီတဲ့လိင်စိတ်ခံယူမှုတွေအပေါ် လူ့အဖွဲ့အစည်းအတွင်းမှာ ခွဲခြားဆက်ဆံခြင်းမရှိဘဲ တန်းတူညီမျှမှုရှိစေဖို့ကိုလည်း လုပ်ဆောင်လာကြပါတယ်။
လူမှုတရားမျှတမှုကိုဆောင်ရွက်ရာမှာ ကျား-မတန်းတူညီမျှမှုရရှိရေးဟာလည်း အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နေတာ ဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ ပုံသေကားကျသတ်မှတ်ထားတဲ့ ရှေးရိုးစွဲ လူမှုပုံစံတွေနဲ့ ကျား-မစံနှုန်းတွေကို တွန်းလှန်ပြီး ကျား-မတန်းတူညီမျှရေးလှုပ်ရှားမှုတွေမှာ ပါဝင်ရင်း အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ တန်းတူညီမျှမှု အခွင့်အရေးသာမက လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ကျား-မဖြစ်တည်မှု၊ လိင်စိတ်ခံယူမှုအပေါ် မူတည်ပြီး ခွဲခြားဆက်ဆံခြင်းမရှိတဲ့ ပိုမိုကောင်းမွန်ပြီး တရားမျှတမှုရှိတဲ့လူ့အဖွဲ့အစည်းကို တည်ဆောက်သွားနိုင်မှာဖြစ်ပါတယ်။
ကိုးကား။ ။
https://www.pacificu.edu/magazine/four-waves-feminism
https://www.history.com/topics/womens-history/seneca-falls-convention
https://www.womenshistory.org/exhibits/feminism-second-wave
https://www.britannica.com/topic/third-wave-of-feminism
https://www.humanrightscareers.com/issues/types-of-feminism-the-four-waves/