ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်များနှင့် လူမှုတရားမျှတမှု

2 min read | October 8, 2024
မျှဝေရန် :

Audio Book နားထောင်ရန်

၂၁ ရာစုမှာ သိသိသာသာ ကြုံတွေ့လာရတဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေကြောင့် ကမ္ဘာကြီးဟာ တစ်နှစ်ထက်တစ်နှစ် အပူလှိုင်းများ၊ မုန်တိုင်းများ၊ ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ၊ မိုးခေါင်ရေရှားမှုပြဿနာများ နဲ့ တောမီးလောင်မှုများ စတဲ့ သဘာဝဘေးအန္တရာယ်‌တွေကို မကြာခဏဆိုသလို ပြင်းထန်စွာ ရင်ဆိုင်နေရပါတယ်။ ဒီလိုသဘာဝဘေးအန္တရာယ်တွေကြုံလာတဲ့အခါ လူအများကို ထိခိုက်စေတယ်ဆိုပေမယ့်လည်း လူတိုင်း တူညီစွာ ထိခိုက်တာမျိုးတော့မဟုတ်ပါဘူး။ ဆင်းရဲတဲ့နိုင်ငံတွေ၊ ဖွံဖြိုးဆဲနိုင်ငံတွေနဲ့ တချို့ လူမှုအသိုက်အဝန်းတွေမှာ ဒီလို သဘာဝဘေးအန္တရာယ်တွေရဲ့ သက်ရောက်မှုဒဏ်တွေကို ပိုပြီး ထိခိုက်ခံစားရပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် လူမှုတရားမျှတမှုနဲ့ ရာသီဥတုပြောင်းလဲမှုတို့ဟာ ဆက်စပ်နေတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် ရာသီဥတုပြောင်းလဲမှုဆိုတာ ပတ်ဝန်းကျင်အရေးကိစ္စတစ်ခုသာမက လူမှုတရားမျှတမှုအတွက် အရေးပါတဲ့ကိစ္စရပ်တစ်ခုဖြစ်လာပါတယ်။
ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ သဘာဝဘေးအန္တရာယ်တွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေရော ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ ဆုံးရှုံးမှုကြီးမားတဲ့သက်ရောက်မှုတွေကို ဖြစ်စေနိုင်ပေမယ့်လည်း ဆင်းရဲတဲ့နိုင်ငံတွေဟာ ချမ်းသာတဲ့နိုင်ငံတွေထက် သိသိသာသာထိခိုက်မှုရှိတာကို တွေ့ရှိရပါတယ်။ အထူးသဖြင့် ရာသီဥတုပြောင်းလဲမှုနဲ့ ကမ္ဘာကြီးပူနွေးမှုကို အဓိကဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်နဲ့ မီသိန်းလို ဓာတ်ငွေ့တွေ ထုတ်လွှတ်မှု ပမာဏအများဆုံးဖြစ်တဲ့ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေထက် ဆင်းရဲတဲ့နိုင်ငံငယ်တွေဟာ အပူလှိုင်းဒဏ်တွေ၊ ရေကြီးတာတွေနဲ့ တောမီးလောင်တာတွေ စတဲ့ အကျိုးဆက်တွေကို ပိုမိုခံစားရပါတယ်။ အခုလို နည်းပညာတိုးတက်ပြောင်းလဲနေတဲ့ခေတ်မှာတော့ ဖြစ်ပေါ်လာမယ့် သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်တွက်ဆပြီး သိရှိနိုင်နေပြီဖြစ်ပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေ ဒါမှမဟုတ် ‌ကောင်းမွန်တဲ့ ဝင်ငွေရရှိတဲ့လူ့အဖွဲ့အစည်းတွေအတွက် ဒီလိုကြိုတင်တွက်ဆပြီး ကာကွယ်နိုင်ဖို့နဲ့ သဘာဝဘေးအန္တရာယ်တွေ ရိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်နိုင်ဖို့ အရင်းအမြစ်တွေ လုံလုံလောက်လောက်ရှိကြပါတယ်။ ဒါပေမယ့် ဆင်းရဲနွမ်းပါးတဲ့ ‌နိုင်ငံ၊ ဒေသနဲ့ ဝင်ငွေနည်းပါးတဲ့ လူမှုအသိုက်အဝန်းတွေမှာတော့ လုံလောက်တဲ့ သတင်းအချက်အလက် မရရှိခြင်း၊ ရရှိပေမယ့်လည်း ကြိုတင်ကာကွယ်နိုင်မှု အားနည်းခြင်းနဲ့ ပြန်လည်ထူထောင်နိုင်ဖို့အတွက် အရင်းအမြစ်ချို့တဲ့ခြင်းတို့ကြောင့် ရာသီဥတုပြောင်းလဲမှု‌‌တွေ သဘာဝ‌ဘေးအန္တရာယ်‌တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ရှိရင်းစွဲအခြေအနေထက် ပိုမိုဆိုးရွားစွာ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ပါတယ်။
လူမှုအဖွဲ့အစည်း‌အတွင်း ဝင်ငွေညီမျှမှုမရှိခြင်းနဲ့ လူနေမှုအဆင့်အတန်းကွဲပြားမှုတွေဟာလည်း ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲအန္တရာယ်တွေကို ပိုမိုထိခိုက်ခံစားစေတဲ့ အကြောင်းရင်းတွေထဲ ပါဝင်နေပါတယ်။ ဝင်ငွေရရှိမှုနည်းပါးသူတွေဟာ လူနေမှုအဆင့်တန်းကွာဟမှု‌ကြောင့်‌ နေထိုင်ရာပတ်ဝန်းကျင်‌‌တွေကလည်း ဘေးအန္တရာယ်တွေဖြစ်ပေါ်တဲ့အခါ ထိခိုက်မှုအရှိနိုင်ဆုံးနေရာတွေ ဖြစ်လေ့ရှိပါတယ်။ ဥပမာ – အခြေခံလူတန်းစား‌တွေနဲ့ စက်ရုံအလုပ်သမားတွေဟာဆိုရင် အလုပ်နဲ့ နီးစပ်ရာနေရာတွေဖြစ်တဲ့ စက်ရုံအလုပ်ရုံတွေ၊ စက်မှုဇုန်တွေ၊ သတ္တုတွင်းတွေ၊ အမှိုက်ပုံတွေ စတဲ့ စွန့်ပစ်ပစ္စည်းထုတ်လွှတ်မှုများပြီး ရေထု၊ မြေထု၊ လေထု ညစ်ညမ်းမှု‌နဲ့ နီးစပ်တဲ့နေရာတွေမှာ အခြေချ နေထိုင်ရလေ့ရှိပါတယ်။ ဒါကြောင့် ရေကြီးမှုတွေနဲ့ အပူချိန်လွန်ကဲမှုစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်လာတဲ့အခါမှာ ရှိရင်းစွဲကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့်ဖြစ်ရတဲ့ ကျန်းမာရေးပြဿနာတွေကို ပိုမိုဆိုးရွားစေပါတယ်။
ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်သူတွေဆိုရင်လည်း ပလတ်စတစ်နဲ့ စွန့်ပစ်ပစ္စည်းတွေများပြားလာပြီး ပင်လယ်ရေအောက်ကြမ်းမြင် မြင့်တက်လာခြင်းကြောင့် ဒါမှမဟုတ် မုန်တိုင်းတွေကြောင့် နေအိမ်တွေ ထိခိုက်ရတဲ့အခါ ပြောင်းရွှေ့ဖို့အတွက် မတတ်နိုင်ကြတာတွေ ကြုံတွေ့ရပါတယ်။ အဲ့ဒီနည်းတူပဲ ဖွံ့ဖြိုးတိုးတက်မှုအားနည်းတဲ့ နယ်မြေတွေမှာရှိတဲ့ ကျေးလက်ဒေသတွေဟာလည်း သဘာဝဘေးအန္တရာယ်တွေကြုံရတဲ့အခါ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်ရတဲ့အတွက် စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ စီးပွားရေးမတည်ငြိမ်မှုကို ပိုမိုခံစားရပါတယ်။ ဘေးအန္တရာယ်တွေ ကြုံတွေ့ပြီးတဲ့နောက်မှာလည်း အကူအညီတွေရယူဖို့ အခွင့်အလမ်းနည်းပါးတဲ့အတွက် လူအများစုဟာ အရေးပေါ် ကယ်ဆယ်ရေးရန်ပုံငွေများ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ရယူနိုင်ဖို့အတွက်လည်း ဝေးကွာလျက်ရှိပါတယ်။ ဒီအခြေအနေတွေက ဆင်းရဲမွဲတေမှုကို ပိုမိုမြင့်တက်လာစေပြီး နောက်ဆက်တွဲသက်ရောက်မှုတွေကလည်း အချိန်ကာလကြာရှည်နိုင်ပါတယ်။
ရာသီဥတုပြောင်းလဲမှုတွေ ဆက်တိုက်ဖြစ်လာတာနဲ့ အကျိုးဆက်တွေဖြစ်တဲ့ သဘာဝဘေးအန္တရာယ်တွေဟာ လူ့အဖွဲ့အစည်းအတွင်း ရှိပြီးသား မညီမျှမှုတွေကို ပိုပြီး မြင့်တက်စေတဲ့အတွက်ကြောင့် သဘာဝဘေးအန္တရာယ်တွေအပေါ် တုံ့ပြန်မှုတွေဟာလည်း လူမှုတရားမျှတမှုဖြစ်စဉ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းအနေနဲ့ ပါဝင်နေပြီပဲဖြစ်ပါတယ်။ ဒါကြောင့် သဘာဝဘေးအန္တရာယ်တွေဖြစ်‌ပေါ်လာရင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ထိခိုက်ခံစားရတဲ့ လူမှုအသိုင်းအဝန်းတွေကို အဓိကအကူအညီပေးနိုင်ဖို့ အစိုးရအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ဦးစားပေးဆောင်ရွက်သင့်ပါတယ်။ လူ့အဖွဲ့အစည်းမှာရှိတဲ့ လူအားလုံးကို ပါဝင်ခွင့်မပြုဘဲ ဆုံးဖြတ်ချက်တွေ မူဝါဒတွေချမှတ်ခြင်းကြောင့် လူမှုမညီမျှမှုတွေကိုသာ ဆက်လက်ဦးတည်ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ မူဝါဒများချမှတ်ရာမှာ လူနည်းစုများ၊ ဆင်းရဲနွမ်းပါးတဲ့ လူအုပ်စုများ၊ ထိခိုက်ခံစားရတဲ့ လူအုပ်စုများရဲ့ အသံတွေပါဝင်ရမှာဖြစ်ပြီး သူတို့ရဲ့ ဆန္ဒကိုအလေးထားဖို့ လိုအပ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ကော်ပိုရေးရှင်းတွေဟာလည်း ရာသီဥတုပြောင်းလဲမှုကြောင့် နစ်နာရတဲ့ လူမှုအသိုက်အဝန်းများကို ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရာမှာ တာဝန်ယူဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ထိခိုက်ခံစားရတဲ့ဒေသတွေမှာ ရာသီဥတုပြောင်းလဲမှုကို စီမံခန့်ခွဲဖို့အတွက် အရေးပေါ်အခြေအနေတွေမှာ ခိုလှုံနိုင်မယ့် အဆောက်အအုံတွေ တည်ဆောက်ပေးထားတာမျိုးနဲ့ ဒေသတွင်းမှာရှိတဲ့ ပြည်သူပိုင် အခြေခံအဆောက်အအုံတွေကိုလည်း သဘာဝဘေးအန္တရာယ်ကို ကြံ့ကြံ့ခံနိုင်အောင် မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။ စက်ရုံတွေ၊ ရေနံ/ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ၊ ဆည်တွေ၊ ရေကာတာနဲ့ လမ်းတံတားတွေကို ဆောက်လုပ်မယ့် နေရာ/ ဒေသမှာရှိတဲ့ ဒေသခံလူထုရဲ့ ဆန္ဒသဘောထားကို ဦးစွာကောက်ခံပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းတွေနဲ့အတူ နောက်ဆက်တွဲ ရင်ဆိုင်လာရနိုင်တဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုတွေကို ဦးစွာစနစ်တကျ သုတေသနပြုလုပ်ပြီးမှ ဆောင်ရွက်သင့်ပါတယ်။
ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ်တွေဟာ ပတ်ဝန်းကျင်အရေးကိစ္စတစ်ခုအဖြစ်သာမက လူမှုတရားမျှတမှုအတွက် အရေးပါတဲ့ကိစ္စရပ်တစ်ခုဖြစ်တာကြောင့် ထိခိုက်ခံစားရတဲ့သူတွေရဲ့ လိုအပ်ချက်တွေကို ဦးစားပေးတဲ့ အစီအမံတွေနဲ့ ဆောင်ရွက်ချက်တွေကသာ ရာသီဥတုပြောင်းလဲမှု သဘာဝဘေးအန္တရာယ်များနဲ့အတူ နောက်ဆက်တွဲပြဿနာတွေကို အကောင်းဆုံးဖြေရှင်းနိုင်မှာပဲ ဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါးများ

2 mins read

လူမျိုးစုံ အတူတကွပေါင်းစည်းညီညွတ်စွာနေနိုင်ဖို့အတွက် ဒီမိုကရေစီဖြစ်ခြင်းရဲ့ အရေးပါမှု

ပိုမိုဖတ်ရှုရန်
2 mins read

တောင်ကိုရီးယားက ဒီမိုကရေစီ – လူထုပူးပေါင်းပါဝင်မှုနဲ့ အပြောင်းအလဲ ဖော်ဆောင်မှုတို့ရဲ့ ခရီးရှည်

ပိုမိုဖတ်ရှုရန်
2 mins read

ဒီမိုကရေစီ… သို့

ပိုမိုဖတ်ရှုရန်
2 mins read

“ဖက်ဒရယ်စနစ်” သို့မဟုတ် ဟန်ချက်ညီမျှတဲ့ အုပ်ချုပ်မှုယန္တရား

ပိုမိုဖတ်ရှုရန်
2 mins read

ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်များနှင့် လူမှုတရားမျှတမှု

ပိုမိုဖတ်ရှုရန်
2 mins read

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာ…

ပိုမိုဖတ်ရှုရန်
2 mins read

နိုင်ငံရဲ့ လူမှုရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အခန်းကဏ္ဍတွေမှာ အပြောင်းအလဲဖြစ်စေခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်က ကျောင်းသားလှုပ်ရှားမှု

ပိုမိုဖတ်ရှုရန်
2 mins read

ကျားမတန်းတူရေး လှုပ်ရှားမှုများက ယူဆောင်လာခဲ့တဲ့ လူမှုတရားမျှတမှု

ပိုမိုဖတ်ရှုရန်