“ဖက်ဒရယ်စနစ်” သို့မဟုတ် ဟန်ချက်ညီမျှတဲ့ အုပ်ချုပ်မှုယန္တရား

2 min read | October 22, 2024
မျှဝေရန် :

Audio Book နားထောင်ရန်

ကမ္ဘာပေါ်မှာ နိုင်ငံရေးစနစ်တွေ အမျိုးမျိုးရှိနေတဲ့ထဲမှာမှ လူမျိုး၊ ပထဝီဒေသနဲ့ ယဉ်ကျေးမှု မတူကွဲပြားတဲ့လူအုပ်စုအချင်းချင်းကြားမှာ လူအုပ်စုတစ်စုကပဲ လွှမ်းမိုးချုပ်ကိုင်နေတာမျိုး မဖြစ်ရအောင် မတူညီတဲ့လူအုပ်စုတွေရဲ့ ယဉ်ကျေးမှု၊ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို အကာအကွယ်ပေးနိုင်ဖို့နဲ့ တန်းတူညီမျှမှုကို အာမခံချက်ပေးနိုင်ဖို့အတွက် ဖက်ဒရယ်စနစ်ကို ကျင့်သုံးကြပါတယ်။ ဖက်ဒရယ်စနစ်ဆိုတာ အခြေခံအားဖြင့် အာဏာကို ဗဟိုအစိုးရနဲ့ ပြည်နယ်/ဒေသဆိုင်ရာအစိုးရတို့အကြား လုပ်ပိုင်ခွင့်အာဏာတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ စနစ်တကျ ခွဲဝေသုံးခွင့်ပေးထားတဲ့ အုပ်ချုပ်မှုစနစ်တစ်ခုဖြစ်ပါတယ်။

 

ဖက်ဒရယ်စနစ်ရဲ့ အာဏာခွဲဝေမှုနဲ့ အာဏာအမျိုးအစားများ
ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေအကြား လုပ်ပိုင်ခွင့် အာဏာကို ခွဲဝေပြီး ပိုင်းခြားသတ်မှတ်ပါတယ်။ ဒီလိုပိုင်းခြားသတ်မှတ်ရာမှာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်တာဝန်တွေကို အခြေခံဥပဒေအရ ထုတ်ဖော်ရေးသားထားလေ့ရှိပြီး “စာရင်းဇယားဖြင့်ပြုစုထားသော လုပ်ပိုင်ခွင့်အာဏာများ (Enumerated Power)” လို့​ ခေါ်ပါတယ်။ တချို့ဖက်ဒရယ်နိုင်ငံတွေမှာ ဗဟိုအစိုးရရဲ့ လုပ်ပိုင်ခွင့်တွေကိုသာ အခြေခံဥပဒေမှာ စာရင်းပြုစု ဖော်ပြထားပေမယ့် တချို့နိုင်ငံတွေမှာတော့ ဗဟိုအစိုးရရော၊ ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်တွေကိုပါ စာရင်းပြုစုဖော်ပြလေ့ရှိပါတယ်။ ဥပမာ- နိုင်ငံတော်ကာကွယ်ရေး၊ သံတမန်ရေး၊ ငွေကြေးထုတ်ဝေမှု၊ ပြည်နယ်ဖြတ်ကျော်ကုန်သွယ်ရေး စတဲ့နယ်ပယ်တွေကို ဗဟိုအစိုးရရဲ့ လုပ်ပိုင်ခွင့်အာဏာများ (Union List) အနေနဲ့ သတ်မှတ်လေ့ရှိပါတယ်။ ဗဟိုအစိုးရနဲ့ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိတဲ့ နယ်ပယ်တွေဖြစ်တဲ့ ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ စည်ပင်သာယာရေးလုပ်ငန်း၊ ပြည်နယ်အတွင်း ကျန်းမာရေး၊ ပညာရေးဝန်ဆောင်မှုတွေနဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအပေါ် အခွန်စည်းကြပ်တာတွေကို ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်အာဏာများ (State list) အနေနဲ့ ဖော်ပြလေ့ရှိပါတယ်။

 

ဗဟိုအစိုးရရော ပြည်နယ်အစိုးရပါ တစ်ပြိုင်တည်း တာဝန်ယူရတဲ့ နယ်ပယ်တွေမှာတော့ “အပြိုင်အာဏာကျင့်သုံးတဲ့စာရင်း (Concurrent List)” ကျင့်သုံးဖို့ လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် “မျှဝေကျင့်သုံးရတဲ့လုပ်ပိုင်ခွင့်အာဏာ (Shared Power)” လို့လည်း‌ ခေါ်ပါတယ်။ ဥပမာ- အများပြည်သူလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ဖြစ်ပါတယ်။ ပြည်နယ်ဖြတ်ကျော်ဖြစ်ပွားနိုင်တဲ့ မှုခင်းတွေကို တားဆီးဖို့၊ လူတိုင်းတရားဥပဒေအောက်မှာ တန်းတူညီမျှမှုရှိအောင် ဆောင်ရွက်ဖို့နဲ့ နိုင်ငံသားအားလုံးကို တန်းတူညီမျှတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေပေးနိုင်ဖို့အတွက် ဖြစ်ပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးရေး၊ ကျန်းမာရေးနဲ့ ပညာရေးမူဝါဒတွေ အကောင်အထည်ဖော်ဖို့လည်း ဗဟိုအစိုးရရော ပြည်နယ်အစိုးရပါ ပူးပေါင်း တာဝန်ယူဆောင်ရွက်ဖို့လိုပါတယ်။ ဒါ့အပြင် ဝင်ငွေခွန်စည်းကြပ်တာ၊ စီးပွားရေးလုပ်ငန်းတွေကို အခွန်စည်းကြပ်တာ၊ သယံဇာတထုတ်ယူတာတို့နဲ့ ပတ်သက်ပြီးလည်း ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေအကြား ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

 

ဖက်ဒရယ်စနစ်မှာ နောက်ထပ်တွေ့ရှိရတဲ့ အာဏာအမျိုးအစား တစ်ခုကတော့ အခြေခံဥပဒေမှာ ဖော်ပြမထားဘဲ ကျန်ရှိနေတဲ့အာဏာများဖြစ်ပြီး “ကြွင်းကျန်အာဏာ (Residual Power)” လို့ ခေါ်ပါတယ်။ ပြည်သူလူထုရဲ့ အထွေထွေလိုအပ်ချက်တွေဟာ အချိန်တိုင်းပြောင်းလဲမှုရှိပြီး အစိုးရတွေအနေနဲ့ အချိန်အခါနဲ့ အခြေအနေပေါ်လိုက်ပြီး ဥပဒေအသစ်တွေ ပြဋ္ဌာန်းဖို့လည်းလိုအပ်ပါတယ်။ အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်အာဏာ အားလုံးကို တိတိကျကျ စာရင်းပြုစု ဖော်ပြထားဖို့ မဖြစ်နိုင်တာကြောင့် ကြွင်းကျန်အာဏာလို့ဆိုရာမှာ စာနဲ့ရေးသားထားခြင်းမရှိတဲ့ ဒါမှမဟုတ် မကျင့်သုံးရသေးတဲ့ အာဏာတွေလည်း ပါဝင်ပါတယ်။ ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့ တစ်နိုင်ငံနဲ့တစ်နိင်ငံ ကြွင်းကျန်အာဏာကို ကျင့်သုံးခွင့်ရှိတဲ့ပုံစံတွေ မတူညီတတ်ကြပါဘူး။ တချို့နိုင်ငံတွေမှာ ကြွင်းကျန်အာဏာကို ပြည်နယ်အစိုးရတွေက ရရှိပြီး တချို့နိုင်ငံတွေမှာတော့ ဗဟိုအစိုးရကသာ ကျင့်သုံးခွင့်ရှိပါတယ်။ ဒါကိုတော့ ဖက်ဒရယ်စနစ်စတင်ကျင့်သုံးကတည်းက ပြည်နယ်အစိုးရတွေနဲ့ ဗဟိုအစိုးရအကြား ကြိုတင်ညှိနှိုင်းကာ သဘောတူညီချက် ရယူထားရမှာပဲ ဖြစ်ပါတယ်။
ဒီလို ဖက်ဒရယ်စနစ်အရ အာဏာခွဲဝေကျင့်သုံးကြတဲ့အခါမှာ အငြင်းပွားစရာဖြစ်လာခဲ့ရင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆုံးဖြတ်ချက်ချရပါတယ် ဒါမှမဟုတ် အခြေခံဥပဒေခုံရုံး သို့မဟုတ် လွတ်လပ်တဲ့ခုံရုံးကို တင်ပြီး အဆုံးအဖြတ်ကို ခံယူကြရပါတယ်။

 

ဖက်ဒရယ်စနစ်ကို ဘာကြောင့် အသုံးပြုကြတာလဲ
လူမျိုး၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ ပထဝီဒေသနဲ့ လူမှုစီးပွား အရင်းအမြစ်တွေ မတူကွဲပြားတဲ့ နိုင်ငံတစ်ခုကို အစိုးရတစ်ရပ်တည်းကပဲ စီမံခန့်ခွဲရအုပ်ချုပ်တဲ့အခါမှာ အခက်အခဲများစွာ ကြုံရတတ်ပါတယ်။ ဖက်ဒရယ်စနစ်ဟာ ဒီလိုမတူညီကွဲပြားမှုတွေများတဲ့ဒေသတွေမှာ ဟန်ချက်ညီမျှတဲ့ အာဏာခွဲဝေမှုတွေ အုပ်ချုပ်မှုယန္တရားတွေနဲ့ သက်ဆိုင်ရာ ပြည်နယ်/ဒေသရဲ့ လိုအပ်ချက်တွေအလိုက် စီမံခန့်ခွဲနိုင်မယ့် ဖြေရှင်းနည်းတစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အကြမ်းအားဖြင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့နိုင်ငံ ၂၅ နိုင်ငံထိရှိပြီး အဲ့ဒီနိုင်ငံတွေရဲ့ လူဦးရေစုစုပေါင်းက ကမ္ဘာ့လူဦးရေရဲ့ ၄၀% အထိ ရှိပါတယ်။ အဲ့ဒီဖက်ဒရယ်နိုင်ငံတွေထဲကမှ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဘရာဇီး၊ ဂျာမနီ၊ မက္ကဆီကို အစရှိတဲ့ နိုင်ငံကြီးတွေမှာ ဒီမိုကရေစီစနစ်ကို အောင်မြင်စွာကျင့်သုံးနေကြပါတယ်။ အောင်မြင်တဲ့ ဖက်ဒရယ်စနစ်ထူထောင်ဖို့အတွက် နိုင်ငံရေးအရ အခြေခံအကျဆုံးအချက်တွေကတော့ ပထဝီဒေသ၊ လူမျိုး၊ ဘာသာစကား၊ ယဉ်ကျေးမှု မတူကွဲပြားတဲ့ လူအုပ်စုအချင်းချင်းကြား နိုင်ငံရေးအရ သဘောတူညီမှုရယူနိုင်ခြင်း၊ လူမျိုးစု/လူအုပ်စုအားလုံးကလက်ခံတဲ့ ဒီမိုကရေစီနည်းကျ အခြေခံဥပဒေတစ်ခုရေးဆွဲအတည်ပြုနိုင်ခြင်း၊ လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးနဲ့ လူအုပ်စုတွေရဲ့ အခွင့်အရေးတွေကို အပြည့်အဝ အကာအကွယ်ပေးထားနိုင်ခြင်း၊ ခိုင်မာတဲ့ ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ ရှိခြင်းနဲ့ တရားဥပဒေစိုးမိုးမှုရှိခြင်း စတဲ့အချက်တွေဖြစ်ပါတယ်။

 

ဖက်ဒရယ်စနစ်ရဲ့ အင်္ဂါရပ်များ
ဖက်ဒရယ်စနစ်ကျင့်သုံးရာမှာ အဓိကအကျဆုံးက အာဏာခွဲဝေကျင့်သုံးခြင်းဖြစ်ပါတယ်။ ဗဟိုအစိုးရနဲ့ ပြည်နယ်/ဒေသအစိုးရအကြား အာဏာခွဲဝေမှုပုံစံတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ရှင်းရှင်းလင်းလင်း ရေးသွင်းထားတာဖြစ်ပါတယ်။ ဒီလိုအာဏာခွဲဝေမှုကြောင့် တစ်နေရာတည်းမှာပဲ အာဏာကိုထိန်းချုပ်ထားပြီး လွှမ်းမိုးတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့အခါမှာ ဗဟိုအစိုးရနဲ့ ပြည်နယ်/ဒေသအစိုးရတို့ကြား နီးကပ်တဲ့ဆက်ဆံရေးတွေရှိဖို့ လိုအပ်တဲ့အတွက်ကြောင့် ဗဟိုအစိုးရဖွဲ့စည်းတဲ့အခါမှာ ပြည်နယ်/ဒေသကိုယ်စားလှယ်တွေကို ထည့်သွင်းဖွဲ့စည်းလေ့ရှိကြပါတယ်။ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ်လုံးမှာ ပြည်နယ်/ဒေသကိုယ်စားလှယ်များ အချိုးကျပါဝင်နိုင်ရေးအတွက်ဖြစ်ပါတယ်။
ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့အခါမှာ သက်ဆိုင်ရာဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတာနဲ့အတူ တစ်ပြိုင်တည်းမှာပဲ ဗဟိုအစိုးရနဲ့ ပြည်နယ်/ဒေသအစိုးရတွေဟာ အချင်းချင်းအပြန်အလှန် ထိန်းညှိရင်း အလုပ်လုပ်ရပါတယ်။ ဥပမာ- ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လမ်းပန်းဆက်သွယ်ရေးတို့လို ကိစ္စရပ်တွေဟာ ဗဟိုအစိုးရနဲ့ ပြည်နယ်/ဒေသအစိုးရကြားသာမက ပြည်နယ်/ဒေသအစိုးရအချင်းချင်းတို့ကြားမှာပါ အတူပူးပေါင်းပြီး စီမံခန့်ခွဲသင့်တဲ့ကိစ္စတွေဖြစ်လို့ အချင်းချင်း တွဲဖက်လုပ်ဆောင်ကြရပါတယ်။

ဖက်ဒရယ်စနစ်မှာ Bicameral (two-chamber) legislative system လို့ခေါ်တဲ့ လွှတ်တော်နှစ်ရပ်ကျင့်သုံးကြပါတယ်။ ပြည်ထောင်စုအဆင့်ကို ကိုယ်စားပြုတဲ့ ဗဟိုအစိုးရလွှတ်တော်နဲ့ သက်ဆိုင်ရာပြည်နယ်/ဒေသတွေကို ကိုယ်စားပြုတဲ့ ပြည်နယ်လွှတ်တော်တို့ ဖြစ်ကြပါတယ်။ ဒီလိုကျင့်သုံးတာဟာ ပြည်သူလူထုရဲ့ အသံတွေကို ဥပဒေပြုရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်စေနိုင်ဖို့အတွက် ဖြစ်ပါတယ်။
ဖက်ဒရယ်စနစ်မှာ အထူးသဖြင့် ဗဟိုအစိုးရနဲ့ ပြည်နယ်/ဒေသအစိုးရအကြား ဖြစ်ပွားလာတဲ့ အငြင်းပွားမှုတွေကို တရားစီရင်ခွင့်ရရှိထားတဲ့ တရားရုံး/လွတ်လပ်တဲ့ခုံရုံးတွေက ဖြေရှင်းပေးရပါတယ်။

 

ဖက်ဒရယ်စနစ်ရဲ့ အားသာချက်များ
ဖက်ဒရယ်စနစ်က ဒေသအစိုးရတွေကို သူတို့ရဲ့ သက်ဆိုင်ရာဒေသအလိုက် လိုအပ်ချက်တွေကို ကိုယ်စားပြုနိုင်တဲ့ ဒေသကိုယ်စားပြုမှု ရရှိစေပါတယ်။ ဒေသခံပြည်သူလူထုတွေအနေနဲ့လည်း နိုင်ငံရေးဖြစ်စဉ်တွေနဲ့ အုပ်ချုပ်ရေးကိစ္စရပ်တွေမှာ ထဲထဲဝင်ဝင်ပါဝင်နိုင်ဖို့အတွက် အခွင့်အလမ်းများစေပါတယ်။ နောက်တစ်ချက်အနေနဲ့ အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွဲဝေပေးထားတဲ့ အတွက် အာဏာကို တစ်နေရာတည်းက ချုပ်ကိုင်ချယ်လှယ်မှုတွေကနေ ကာကွယ်ပေးပါတယ်။ ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့အခါမှာ ပြည်နယ်/ဒေသအစိုးရတွေဟာ ဒေသအလိုက် လိုအပ်ချက်တွေအပေါ်မူတည်ပြီး အနီးကပ် စီမံခန့်ခွဲနိုင်ခြင်းကြောင့် သင့်တော်တဲ့ မူဝါဒတွေကို သင့်လျော်သလိုချမှတ်တာမျိုးတွေ လုပ်နိုင်တဲ့အတွက် နိုင်ငံတစ်ခုလုံးကို အစိုးရတစ်ခုတည်းက စီမံခန့်ခွဲခြင်းထက် ပိုမိုမြန်ဆန်ထိရောက်နိုင်ပါတယ်။

 

ဖက်ဒရယ်စနစ်ရဲ့ စိန်ခေါ်မှုများ
ဖက်ဒရယ်စနစ်မှာ နိုင်ငံတစ်ခု/ပြည်ထောင်စုတစ်ခုအဖြစ်ရှိနေတယ်ဆိုပေမယ့် ပြည်နယ်/ဒေသအလိုက် အစိုးရတွေ ဆက်ဆံရေးတွေအကြားမှာ စိန်ခေါ်မှုတွေရှိတတ်ပါတယ်။ ဗဟိုအစိုးရနဲ့ ပြည်နယ်/ဒေသအစိုးရတို့အကြား သို့မဟုတ် ပြည်နယ်/ဒေသအစိုးရတွေအချင်းချင်းကြား အငြင်းပွားမှုတွေ ဖြစ်တတ်ပြီး အချို့ကိစ္စတွေမှာတော့ အချိန်ကြာမြင့်မှုတွေ ဖြစ်တတ်ပါတယ်။ ဒီလို စိန်ခေါ်မှုတွေဟာ ဖက်ဒရယ်စနစ်အတွက် စေ့စပ်မှုညှိနှိုင်းမှုတွေ သေချာပြုလုပ်ဖို့လိုအပ်တဲ့အတွက် အရေးကြီးပါတယ်။ နောက်တစ်ခုအနေနဲ့ လူအုပ်စုတစ်ခုထက်ပိုတဲ့ ဒါမှမဟုတ် လူအုပ်စုများစွာရှိနေတတ်တဲ့ ပြည်နယ်/ဒေသတွေမှာ လူများစုက လူနည်းစုအပေါ် နိုင်လိုမင်းထက်ပြုလုပ်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ဗဟိုအစိုးရနဲ့ ပြည်နယ်/ဒေသအစိုးရတွေအကြား အချင်းချင်း အပြန်အလှန်ထိန်းကျောင်းနေကြဖို့ လိုပါတယ်။
အချုပ်အားဖြင့်ဆိုရရင် ဖက်ဒရယ်စနစ်ဟာ နိုင်ငံတိုင်းရဲ့ နောက်ခံသမိုင်းနဲ့ ယဉ်ကျေးမှုကို အခြေခံပြီး ချိန်ညှိကျင့်သုံးကြတာဖြစ်တဲ့အတွက် ကမ္ဘာတစ်ဝန်း နိုင်ငံအသီးသီးမှာ ပုံစံကွဲပြားစွာ ရှိတတ်ပါတယ်။ ဖက်ဒရယ်စနစ်ဟာ အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ စနစ်တကျခွဲဝေထားတာကြောင့် ဗဟိုအစိုးရအဆင့်နဲ့ ပြည်နယ်/ဒေသန္တရအဆင့်တို့မှာ ဟန်ချက်မျှတတဲ့ အုပ်ချုပ်မှုယန္တရားဖြစ်စေပြီး အပြန်အလှန်အကျိုးရှိစေတဲ့ အုပ်ချုပ်မှုစနစ်တစ်ခု ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်ကျင့်သုံးခြင်းဟာ ပြည်နယ်/ဒေသဆိုင်ရာ အကျိုးစီးပွားတွေနဲ့ လွတ်လပ်ခွင့်ကို ထိန်းသိမ်းရင်း နိုင်ငံတစ်ခုတည်းအဖြစ် ညီညွတ်စွာရှိနေစေပြီး ဒေသကိုယ်စားပြုမှု၊ အာဏာတစ်နေရာတည်းမှာ စုဝေးခြင်းမှ ကာကွယ်ပေးနိုင်မှု၊ အာဏာကို အပြန်အလှန်ထိန်းကျောင်းရင်း ထိရောက်တဲ့ စီမံခန့်ခွဲအုပ်ချုပ်နိုင်မှုတွေကြောင့် ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်တစ်ခုဖြစ်တယ်ဆိုတာ နိုင်ငံအတော်များများကလက်ခံပြီး အောင်မြင်စွာ အသုံးပြုနေကြပြီပဲဖြစ်ပါတယ်။

 

ကိုးကား
International IDEA, & Bulmer, E. (2017). Federalism. In International IDEA Constitution-Building Primer (Second edition). International Institute for Democracy and Electoral Assistance. https://www.idea.int/…/publications/federalism-primer.pdf
What is Federalism? (n.d.). Forum of Federations. Retrieved October 19, 2024, from https://forumfed.org/what-is-federalism/

ဆက်စပ်ဆောင်းပါးများ

2 mins read

လူမျိုးစုံ အတူတကွပေါင်းစည်းညီညွတ်စွာနေနိုင်ဖို့အတွက် ဒီမိုကရေစီဖြစ်ခြင်းရဲ့ အရေးပါမှု

ပိုမိုဖတ်ရှုရန်
2 mins read

တောင်ကိုရီးယားက ဒီမိုကရေစီ – လူထုပူးပေါင်းပါဝင်မှုနဲ့ အပြောင်းအလဲ ဖော်ဆောင်မှုတို့ရဲ့ ခရီးရှည်

ပိုမိုဖတ်ရှုရန်
2 mins read

ဒီမိုကရေစီ… သို့

ပိုမိုဖတ်ရှုရန်
2 mins read

“ဖက်ဒရယ်စနစ်” သို့မဟုတ် ဟန်ချက်ညီမျှတဲ့ အုပ်ချုပ်မှုယန္တရား

ပိုမိုဖတ်ရှုရန်
2 mins read

ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်များနှင့် လူမှုတရားမျှတမှု

ပိုမိုဖတ်ရှုရန်
2 mins read

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာ…

ပိုမိုဖတ်ရှုရန်
2 mins read

နိုင်ငံရဲ့ လူမှုရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အခန်းကဏ္ဍတွေမှာ အပြောင်းအလဲဖြစ်စေခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်က ကျောင်းသားလှုပ်ရှားမှု

ပိုမိုဖတ်ရှုရန်
2 mins read

ကျားမတန်းတူရေး လှုပ်ရှားမှုများက ယူဆောင်လာခဲ့တဲ့ လူမှုတရားမျှတမှု

ပိုမိုဖတ်ရှုရန်