နိုင်ငံရဲ့ လူမှုရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အခန်းကဏ္ဍတွေမှာ အပြောင်းအလဲဖြစ်စေခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်က ကျောင်းသားလှုပ်ရှားမှု

2 min read | September 22, 2024
မျှဝေရန် :

Audio Book နားထောင်ရန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇူလိုင်လအစောပိုင်းက တက္ကသိုလ်ကျောင်းသားတွေ စတင်ခဲ့တဲ့ဆန္ဒပြလှုပ်ရှားမှုတွေဟာ အစိုးရအပြောင်းအလဲဖြစ်စေတဲ့အထိ သက်ရောက်မှုကြီးမားခဲ့ပြီး နိုင်ငံရဲ့သမိုင်းဝင်အပြောင်းအလဲတစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် အလယ်ပိုင်းလောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရှုပ်ထွေးလာတဲ့ စီးပွားရေးအခြေအနေတွေကြောင့် အလုပ်လက်မဲ့နှုန်း မြင့်တက်လာပြီး စီးပွားရေး မညီမျှမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ငွေကြေးဖောင်းပွပြီး ကုန်ကျစရိတ်မြင့်တက်လာတာတွေ၊ ဘွဲ့ရလူငယ်တွေအတွက် အာမခံချက်ရှိတဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေရရှိဖို့ခက်ခဲတာတွေနဲ့ အစိုးရအလုပ်အကိုင်ခန့်အပ်တဲ့နေရာမှာ နိုင်ငံကိုလွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့သူတွေရဲ့ ဆွေမျိုးတွေကို ခွဲတမ်းချ နေရာဖယ်ပေးထားတာမျိုးတွေစတဲ့ တရားမျှတမှုမရှိတာတွေဟာ ဒီကျောင်းသားလှုပ်ရှားမှုကို အစပြုဖို့ တွန်းအား ဖြစ်စေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဆင့်မြင့်တရားရုံးကနေ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း‌တွေအတွက် အလုပ်အကိုင်ခန့်အပ်ရာတွေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးရဖို့ ကြိုးပမ်းခဲ့ကြသူတွေရဲ့ မျိုးဆက်တွေအတွက် ‌၃၀% နေရာပေးတဲ့ အလုပ်ခွဲတမ်းစနစ်ကို ပြန်လည်စတင်ခဲ့ပါတယ်။ ဒီလိုခွဲတမ်းစနစ်ကို မကျေနပ်ကြတဲ့ တက္ကသိုလ် ကျောင်းသားတွေဟာ ဒီစနစ်ကို ပယ်ဖျက်ပေးဖို့ စတင်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ အစောပိုင်းမှာ ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြခဲ့ပေမယ့် နောက်ပိုင်းမှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို ဖိနှိပ်ဖြိုခွင်းတာတွေ လုပ်ပြီးတဲ့နောက်ပိုင်း ဆန္ဒပြပွဲတွေဟာ ပိုမိုပြင်းထန်လာပါတယ်။

ဇူလိုင်လဆန်းပိုင်းကနေစတင်ပြီး တက္ကသိုလ်ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေ အရှိန်အဟုန်မြင့်လာခဲ့ပြီး ဇူလိုင်လလယ်ပိုင်းမှာတော့ တစ်နိုင်ငံလုံးက ကျောင်းတွေနဲ့ တက္ကသိုလ်ကျောင်းတွေကိုပိတ်ခဲ့ရပြီး အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း တက္ကသိုလ်အသီးသီးမှာရှိတဲ့ ဆန္ဒပြကျောင်းသားတွေကို တိုက်ခိုက်နှိမ်နင်းခဲ့ရာမှာ သေဆုံးမှုတွေနဲ့ ဒဏ်ရာရရှိမှုတွေများပြားခဲ့ပါတယ်။ အဲ့ဒီနောက် ဘင်္ဂလားဒေ့ရှ်တရားရုံးချုပ်က အလုပ်ခွဲတမ်းစနစ်ကို ပြန်လည်အသက်သွင်းမှုကို ဆိုင်းငံ့ခဲ့ပြီး အလုပ်ခွဲတမ်းစနစ်ကို ပြန်လည်ပြင်ဆင်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပေမယ့်လည်း ဆန္ဒပြပွဲတွေဟာ ဆက်လက်အားကောင်းနေခဲ့ပါတယ်။

အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်‌တွေကလည်း ဆန္ဒပြသူတွေကို အကြမ်းဖက်ဖမ်းဆီးမှုတွေရှိခဲ့ပြီး အစိုးရနဲ့ ဆန္ဒပြသူတွေကြား ပြင်းထန်တဲ့ ထိတွေ့မှုတွေရှိခဲ့ပါတယ်။ ဆန္ဒပြကျောင်းသားထောင်ပေါင်းများစွာနဲ့ အစိုးရထောက်ခံသူတွေကြား ထိတွေ့အကြမ်းဖက်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ဩဂုတ် ၅ ရက်နေ့မှာတော့ Civil Disobedience Movement ကို ဦးဆောင်တဲ့ ကျောင်းသားခေါင်းဆောင်တွေဟာ မြို့တော် “ဒါကာ”မှာ နောက်ဆုံးဆန္ဒပြချီတက်ပွဲကို ပြုလုပ်ဖို့ လှုံ့ဆော်ပြီးတဲ့နောက်ပိုင်း အစိုးရနဲ့ ဆန္ဒပြသူတွေဟာ အတင်းမာဆုံးအခြေနေကိုရောက်ရှိခဲ့ပြီး ဆန္ဒပြသူတွေဟာလည်း ဝန်ကြီးချုပ်နေထိုင်ရာနန်းတော်အထိ ဝင်ရောက်လာခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာလည်း နုတ်ထွက်စာတင်ပြီး အိန္ဒိယကို ထွက်ခွာသွားခဲ့ပြီးတဲ့နောက်မှာတော့ နိုဘယ်ဆုရှင် မိုဟာမဒ်ယူနွတ်စ်ဦးဆောင်တဲ့ ကြားဖြတ်အစိုးရ ဖွဲ့စည်းခဲ့ပါတယ်။

ဒီကျောင်းသားလှုပ်ရှားမှုမှာ လူထုနဲ့ တခြားလူမှုအဖွဲ့အစည်းများ ပါဝင်မှုကိုမြှင့်တင်ဖို့အတွက် လူငယ်တွေဟာ လူမှုကွန်ရက်နဲ့ ဒစ်ဂျစ်တယ် ပလက်ဖောင်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုစုရုံးခဲ့ပြီး လူထုတင်မကဘဲ အလုပ်သမားသမဂ္ဂများ၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအဖွဲ့များနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ အားပေးထောက်ခံမှုကို ရရှိခဲ့ပါတယ်။ ဒီလိုအားပေးမှုတွေက ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို အစိုးရအနေနဲ့ အာရုံစိုက်လာစေပြီး အစိုးရအပေါ်ကိုလည်း အရွေ့တစ်ခုဖြစ်အောင် ဖိအားပေးနိုင်ခဲ့တဲ့အတွက် ဒီလှုပ်ရှားမှုကို အောင်မြင်စေခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကျောင်းသားလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်၊ လှုပ်ရှားမှုပုံစံနဲ့ သက်ရောက်မှုတို့အပေါ် ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေအကြား အမြင်မတူတာတွေ၊ ဝေဖန်မှုတွေနဲ့ သုံးသပ်မှုတွေလည်း ကွဲပြားကြပါတယ်။ ဒါပေမယ့် ဇူလိုင်တော်လှန်ရေးလို့လည်း ခေါ်ဆိုကြတဲ့ ဒီကျောင်းသားလှုပ်ရှားမှုဟာ လူငယ်တွေရဲ့ နိုင်ငံရေးသိမြင်မှု မြင့်တက်လာစေခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဆက်လက်ရှိနေသေးတဲ့ နိုင်ငံရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေကို ပိုပြီးအာရုံစိုက်လာစေပါတယ်။ ကျောင်းသားအဖွဲ့တွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေဟာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်လေ့လာနေပြီး နိုင်ငံရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှုကို ပုံဖော်နိုင်ဖို့အတွက် ဆက်လက် တိုက်တွန်းနေကြပါတယ်။

ကိုးကား။ ။
https://thediplomat.com/2024/07/the-quota-reform-protest-in-bangladesh-is-much-more-than-it-seems/
https://thediplomat.com/2024/07/as-protests-erupt-a-rocky-start-to-sheikh-hasinas-fourth-consecutive-term/

ဆက်စပ်ဆောင်းပါးများ

2 mins read

လူမျိုးစုံ အတူတကွပေါင်းစည်းညီညွတ်စွာနေနိုင်ဖို့အတွက် ဒီမိုကရေစီဖြစ်ခြင်းရဲ့ အရေးပါမှု

ပိုမိုဖတ်ရှုရန်
2 mins read

တောင်ကိုရီးယားက ဒီမိုကရေစီ – လူထုပူးပေါင်းပါဝင်မှုနဲ့ အပြောင်းအလဲ ဖော်ဆောင်မှုတို့ရဲ့ ခရီးရှည်

ပိုမိုဖတ်ရှုရန်
2 mins read

ဒီမိုကရေစီ… သို့

ပိုမိုဖတ်ရှုရန်
2 mins read

“ဖက်ဒရယ်စနစ်” သို့မဟုတ် ဟန်ချက်ညီမျှတဲ့ အုပ်ချုပ်မှုယန္တရား

ပိုမိုဖတ်ရှုရန်
2 mins read

ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်များနှင့် လူမှုတရားမျှတမှု

ပိုမိုဖတ်ရှုရန်
2 mins read

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာ…

ပိုမိုဖတ်ရှုရန်
2 mins read

နိုင်ငံရဲ့ လူမှုရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အခန်းကဏ္ဍတွေမှာ အပြောင်းအလဲဖြစ်စေခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်က ကျောင်းသားလှုပ်ရှားမှု

ပိုမိုဖတ်ရှုရန်
2 mins read

ကျားမတန်းတူရေး လှုပ်ရှားမှုများက ယူဆောင်လာခဲ့တဲ့ လူမှုတရားမျှတမှု

ပိုမိုဖတ်ရှုရန်