ဒီမိုကရေစီ… သို့

2 min read | November 15, 2024
မျှဝေရန် :

Audio Book နားထောင်ရန်

Democratization ဆိုတာ ဒီမိုကရေစီအသွင်ကူးပြောင်းခြင်းလို့ အဓိပ္ပာယ်ရပြီး နိုင်ငံရေးစနစ်များစွာရှိတဲ့အနက် ဒီမိုကရေစီစနစ်မဟုတ်တဲ့ နိုင်ငံရေးစနစ်တစ်ခုခုကနေ ဒီမိုကရေစီနဲ့ အုပ်ချုပ်တဲ့ အစိုးရစနစ်ဆီကို ကူးပြောင်းတာပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဒီမိုကရေစီနိုင်ငံ အားလုံးဟာ အာဏာရှင်စနစ်တစ်မျိုးမျိုးကနေ ကူးပြောင်းလာကြတာဖြစ်ပါတယ်။ ဒီ blog လေးမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်လှိုင်းတွေအကြောင်းနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုပုံစံတွေအကြောင်း နှစ်ပိုင်းခွဲပြီး ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

နိုင်ငံရေးပညာရှင် ဆမ်မြူရယ် ပီ ဟန်တင်တန် (Samuel P. Huntington) က ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တွေကို အဓိက လှိုင်း ၃ ခုအဖြစ် သုံးသပ်ဖော်ပြခဲ့ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တွေဟာ လှိုင်းတစ်ခုချင်းစီမှာ နိုင်ငံရေးနဲ့ စီးပွားရေးပြောင်းလဲမှုတွေ၊ လူမှုရေးလှုပ်ရှားမှုတွေ၊ ပြင်ပဖိအားတွေကြောင့် တစ်နိုင်ငံနဲ့တစ်နိုင်ငံ အောင်မြင်မှုအတိုင်းအတာတွေ မတူညီကြသလို နောက်ကြောင်းပြန်လှည့်ပြီး အာဏာရှင်စနစ်အောက်ကို ပြန်လည်ရောက်ရှိသွားတတ်တာတွေလည်း ရှိပါတယ်။

ပထမလှိုင်း (၁၉၂၈-၁၉၂၆) ဟာ ၁၉ ရာစုအစောပိုင်းကစပြီး တဖြည်းဖြည်း အမေရိကန်ပြည်ထောင်စုနဲ့ အနောက်ဥရောပနိုင်ငံတွေမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်တွေဟာ အကန့်အသတ်နဲ့ရရှိတဲ့ မဲပေးပိုင်ခွင့်တွေကစလို့ ရရှိခဲ့ပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့် အခွင့်အရေးနဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် စတဲ့ စံနှုန်းတွေအပေါ်မူတည်ပြီး ပြင်သစ်နဲ့ အမေရိကန်တော်လှန်ရေးတွေကနေ ဒီမိုကရေစီစံနှုန်းတွေ စတင်ပြန့်ပွားလာခဲ့ပါတယ်။ ဒါပေမယ့် ၁၉၂၉ ခုနှစ်မှာစတင်ခဲ့တဲ့ The Great Depression လို့ခေါ်တဲ့ ကမ္ဘာ့စီးပွားရေးကျဆင်းမှုနဲ့အတူ အာဏာရှင်စနစ်တစ်ကျော့ပြန်ခေါင်းထောင်လာမှုတွေကနေတစ်ဆင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်တွေဟာ နောက်ပြန်ဆုတ်သွားခဲ့ရပါတယ်။ ကမ္ဘာ့စီးပွားရေးကျဆင်းမှုနဲ့အတူ ပေါ်လာတဲ့ ဖက်ဆစ်နဲ့ ကွန်မြူနစ်အစိုးရတွေကြောင့် ဂျာမနီ၊ အီတလီနဲ့ စပိန်လို နိုင်ငံတွေမှာ အာဏာရှင်အစိုးရတွေ အားကောင်းလာပါတယ်။

ဒုတိယလှိုင်း(၁၉၄၃–၁၉၆၂) ဟာ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း ကိုလိုနီနယ်မြေတွေ လွတ်မြောက်လာတာနဲ့အတူ ကိုလိုနီပြုခဲ့တဲ့ နိုင်ငံကြီးတွေမှာ ကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ်ကို လွတ်လပ်ပြီးစနိုင်ငံတွေမှာ ကျင့်သုံးလာကြပါတယ်။ ကိုလိုနီလက်အောက်ခံနိုင်ငံတွေကနေတစ်ဆင့် နိုင်ငံပေါင်း ၃၆ နိုင်ငံအထိ ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးလာကြပြီး အထူးသဖြင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ ကွန်မြူနစ်စနစ်ရဲ့ လွှမ်းမိုးမှုတွေကို တားဆီးနိုင်ဖို့အတွက် ဒီမိုကရေစီ စံနှုန်းတွေ၊ အတွေးအခေါ်တွေနဲ့ အလေ့အထတွေကို ပြန့်ပွားစေခဲ့ပါတယ်။ ဒုတိယလှိုင်းဟာလည်း ကမ္ဘာအနှံ့ ပျံ့နှံ့ရောက်ရှိခဲ့ပေမယ့် တချို့ နိုင်ငံတွေမှာ နိုင်ငံမတည်ငြိမ်မှုတွေနဲ့ စီးပွားရေးပြဿနာတွေကြောင့် အာဏာရှင်စနစ်လက်အောက်ကို ပြန်လည်ရောက်ရှိခဲ့ရပါတယ်။

တတိယလှိုင်း(၁၉၇၄–၁၉၉၀) ကတော့ ၁၉၇၀ ပြည့်နှစ်က စတင်ခဲ့ပြီး လက်တင်အမေရိက၊ အရှေ့ဥရောပ၊ အာဖရိကနဲ့ အာရှမှာရှိတဲ့ နိုင်ငံပေါင်း ၆၀ ကျော်ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းခဲ့ပါတယ်။ အထူးသဖြင့် ၁၉၇၄ ခုနှစ်မှာ ပေါ်တူဂီ၊ ဂရိနဲ့ စပိန်နိင်ငံတွေမှာ အာဏာရှင်စနစ်ကျဆုံးစေခဲ့ပြီး ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ ကျင့်သုံးနိုင်ခဲ့ပါတယ်။ စစ်အေးကာလအပြီး ၁၉၉၁ မှာ အင်အားကြီးနိုင်ငံဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲမှုနဲ့အတူ အာဏာရှင်စနစ်ကို ထောက်ခံမှုလျော့နည်းလာတာဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်အတွက် တွန်းအားတစ်ရပ်ဖြစ်စေခဲ့ပါတယ်။ ဘာလင်တံတိုင်းပြိုကျပြီးနောက် ဂျာမနီအပါအဝင် အရှေ့ဥရောပနိုင်ငံတွေမှာ အထူးသဖြင့် ပိုလန်၊ ဟန်ဂေရီနဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံတို့မှာ ဒီမိုကရေစီစနစ်ကို မြန်မြန်ဆန်ဆန်ပဲ ထွန်းကားစေခဲ့ပါတယ်။

ဟန်တင်တန်ရဲ့ လှိုင်း ၃ ခုအပြင် Globalization တွင်ကျယ်လာတဲ့ ၂၁ ရာစုမှာတော့ ကမ္ဘာ့နိုင်ငံတွေရဲ့ အချင်းချင်းကြား ဆက်ဆံရေးတွေနဲ့ နိုင်ငံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူမှုဆက်ဆံရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှု၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ အားကောင်းလာမှုတွေနဲ့အတူ ပြည်ပလှုံ့ဆော်မှုတွေဟာ ဒီမိုကရေစီမဟုတ်သေးတဲ့နိုင်ငံတွေအတွက် ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စေဖို့ရာ တွန်းအားတွေဖြစ်လာပါတယ်။ နိုင်ငံတော်တော်များများမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ပြည်သူတွေဟာ နိုင်ငံရေးအခွင့်အရေးကို ပိုမိုတောင်းဆိုလာတာတွေကနေလည်း ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ဆီ ဦးတည်လာနိုင်ပါတယ်။ ဘာသာရေးနဲ့ ယဉ်ကျေးမှုစံနှုန်းတွေဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်အပေါ် အထောက်အကူဖြစ်စေနိုင်သလို တချို့နိုင်ငံတွေမှာတော့ အဟန့်အတားတွေလည်း ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ အောင်မြင်တဲ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တွေကလည်း ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ဖြစ်လာစေဖို့တွန်းအားပေးနိုင်ပါတယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းရာမှာ ပုံစံအမျိုးမျိုးနဲ့ ဖြစ်နိုင်ပြီး အကြမ်းအားဖြင့်တော့ အသွင်ကူးပြောင်းမှု ပုံစံ ၃ မျိုး ရှိပါတယ်။ အဲ့ဒါတွေကတော့ ပြုပြင်ပြောင်းလဲရေးများပြုလုပ်ခြင်းဖြင့် အသွင်ကူးပြောင်းခြင်း၊ အပြန်အလှန်စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ပြီး အသွင်ကူးပြောင်းခြင်းနဲ့ အာဏာရှင်အစိုးရကို ဖြုတ်ချခြင်းဖြင့် အသွင်ကူးပြောင်းခြင်းတို့ပဲဖြစ်ပါတယ်။

ပထမတစ်မျိုးကတော့ အာဏာရှင်တွေကိုယ်တိုင် ပြုပြင်ပြောင်းလဲရေးပြုလုပ်ပြီး နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို လွှမ်းမိုးထားတဲ့ပုံစံဖြစ်ပါတယ်။ နိုင်ငံတကာမှာ Globalization ကြောင့် အခြေအနေတွေ ပြောင်းလဲလာတဲ့အခါ နိုင်ငံတွေအားလုံးဟာ နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာနဲ့ လူမှုဆက်ဆံရေးအစရှိတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်လာကြရပါတယ်။ အာဏာရှင်နိုင်ငံတွေမှာလည်း ဒီစိန်ခေါ်မှုတွေနဲ့အတူ ပြည်တွင်းကဆန့်ကျင်မှုတွေကြောင့် ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ လိုအပ်လာပါတယ်။ အတိုက်အခံအင်အားစုတွေအားနည်းတဲ့နိုင်ငံတွေမှာ အာဏာရှင်အစိုးရဦးဆောင်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုလမ်းကြောင်းအတိုင်း အကန့်အသတ်တွေနဲ့ အကောင်အထည်ဖော်ကြပါတယ်။ ရွေးကောက်ပွဲတွေကျင်းပတာ၊ လွှတ်တော်နဲ့ အတိုက်အခံ နိုင်ငံရေးပါတီတွေ ရှိလာတာစတဲ့ ဒီမိုကရေစီစနစ်လက္ခဏာတွေ စတင်ပေါ်ထွက်လာပါတယ်။ ဒါပေမယ့် အရေးပါတဲ့ ဆုံးဖြတ်ချက်ချမှတ်တာတွေ၊ အစိုးရရာထူးနေရာတွေ၊ အဓိကစီးပွားရေးလုပ်ငန်းတွေကိုတော့ အာဏာရှင်အသိုင်းအဝိုင်းကသာ ထိန်းချုပ်ထားပါတယ်။

ဒုတိယတစ်မျိုးကတော့ အာဏာရှင်အစိုးရတွေနဲ့ အတိုက်အခံအုပ်စုတွေအကြား အပြန်အလှန်စေ့စပ်ညှိနှိုင်းမှုပြုလုပ်တဲ့ပုံစံ ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာ အတိုက်အခံအင်အားစုတွေက အားကောင်းကြပြီး ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို အာဏာရှင်တွေအနေနဲ့ ထိန်းချုပ်ဖို့ မလွယ်ကူတော့တဲ့အတွက် အာဏာရှင်အစိုးရတွေဟာ သူတို့ အကျိုးစီးပွားကို ကာကွယ်ဖို့ အပေးအယူတွေ၊ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်လာကြပါတယ်။ ဒီပုံစံမှာတော့ အတိုက်အခံခေါင်းဆောင်တွေရဲ့ နိုင်ငံရေးအရ ဦးဆောင်နိုင်မှု၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်မှုတွေက ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်မှု အတိုင်းအတာနဲ့ အောင်မြင်မှုကို အဆုံးအဖြတ်ပေးပါတယ်။

တတိယပုံစံမှာတော့ အတိုက်အခံအင်အားစုတွေက လူထုကိုဦးဆောင်ပြီး အာဏာရှင်အစိုးရကို ဖြုတ်ချတာပဲ ဖြစ်ပါတယ်။ တချို့ အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲရေးအတွက် နည်းပေါင်းစုံနဲ့ ဖိနှိပ်အုပ်ချုပ်ဖို့ ကြိုးစားတဲ့အခါ နိုင်ငံရေး၊ စီးပွားရေးအကြပ်အတည်းတွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်တော့ဘဲ ပြည်သူလူထုရဲ့ မကျေနပ်မှုအရင်းခံတွေကတစ်ဆင့် လူထုအုံကြွ တော်လှန်တာတွေ ပေါ်ပေါက်လာပါတယ်။ တော်လှန်အုံကြွမှုဖြစ်စဉ်တွေမှာ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တွေရဲ့ နိုင်ငံရေးအရလိမ္မာပါးနပ်မှု၊ လူထုကို ဦးဆောင်နိုင်မှုနဲ့ အဆုံးသတ်တိုက်ပွဲ ဆင်နွှဲနိုင်မှုတွေက တော်လှန်ရေးအောင်မြင်ပြီး ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းနိုင်ဖို့အတွက် အဓိကအချက်တွေပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းမှုအောင်မြင်သွားတဲ့ နိုင်ငံတွေအားလုံးဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပြီး တချို့နိုင်ငံတွေမှာ အာဏာရှင်စနစ်အောက်ကို ပြန်လည်ရောက်ရှိသွားတတ်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီ ရင့်ကျက်ခိုင်မာလာစေဖို့အတွက် နိုင်ငံရေးခေါင်းဆောင်တွေ၊ လူမှုရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ မီဒီယာတွေအနေနဲ့ အစဉ်တစိုက်ကြိုးပမ်းနေဖို့လိုအပ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ နိုင်ငံရေးအဖွဲ့အစည်းတွေအကြား အပြန်အလှန်ထိန်းကျောင်းနိုင်ဖို့၊ တရားဥပဒေစိုးမိုးမှုလို့ခေါ်တဲ့ ဥပဒေအထက်မှာဘယ်သူမှမရှိဖို့၊ လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးတွေကို အကာအကွယ်ပေးဖို့အတွက် လွတ်လပ်တဲ့မီဒီယာတွေနဲ့ နိုင်ငံရေးဘက်မလိုက်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ဖြစ်တည်မှုက အရေးကြီးပါတယ်။ ဒါမှသာ အစိုးရ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ပတ်သက်ပြီး ဘက်မလိုက်တဲ့သတင်းထုတ်ဖော်ရေးသားတာတွေ၊ လွှတ်တော်နဲ့ တရားရုံး၊ ရွေးကောက်ပွဲစတဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို စောင့်ကြည့်လေ့လာတာတွေကနေ ပြည်သူလူထုအားလုံးပါဝင်နိုင်မှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုတာဝန်ခံမှုတို့ကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။ ဒါတွေဟာ ဒီမိုကရေစီစနစ် ရင့်ကျက်ခိုင်မာလာစေနိုင်ဖို့အတွက် လိုအပ်ချက်တွေပဲဖြစ်ပါတယ်။

References

Huntington, S. P., Mihajlov, M., Gail W. Lapidus, Oleg Rumyantsev, Diamond, L., Gehad Auda, Sung-Joo Han, De Soto, H., & Orsini, D. (1991). Democracy’s third wave. In Journal of Democracy: Vol. Vol.2 (Issue No.2). https://www.ned.org/docs/Samuel-P-Huntington-Democracy-Third-Wave.pdf

Kauffman, C. M. (2018, September 17). Democratization | Definition, Theories, & Facts. Encyclopedia Britannica. https://www.britannica.com/topic/democratization

ဆက်စပ်ဆောင်းပါးများ

2 mins read

လူမျိုးစုံ အတူတကွပေါင်းစည်းညီညွတ်စွာနေနိုင်ဖို့အတွက် ဒီမိုကရေစီဖြစ်ခြင်းရဲ့ အရေးပါမှု

ပိုမိုဖတ်ရှုရန်
2 mins read

တောင်ကိုရီးယားက ဒီမိုကရေစီ – လူထုပူးပေါင်းပါဝင်မှုနဲ့ အပြောင်းအလဲ ဖော်ဆောင်မှုတို့ရဲ့ ခရီးရှည်

ပိုမိုဖတ်ရှုရန်
2 mins read

ဒီမိုကရေစီ… သို့

ပိုမိုဖတ်ရှုရန်
2 mins read

“ဖက်ဒရယ်စနစ်” သို့မဟုတ် ဟန်ချက်ညီမျှတဲ့ အုပ်ချုပ်မှုယန္တရား

ပိုမိုဖတ်ရှုရန်
2 mins read

ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်များနှင့် လူမှုတရားမျှတမှု

ပိုမိုဖတ်ရှုရန်
2 mins read

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာ…

ပိုမိုဖတ်ရှုရန်
2 mins read

နိုင်ငံရဲ့ လူမှုရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အခန်းကဏ္ဍတွေမှာ အပြောင်းအလဲဖြစ်စေခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်က ကျောင်းသားလှုပ်ရှားမှု

ပိုမိုဖတ်ရှုရန်
2 mins read

ကျားမတန်းတူရေး လှုပ်ရှားမှုများက ယူဆောင်လာခဲ့တဲ့ လူမှုတရားမျှတမှု

ပိုမိုဖတ်ရှုရန်