အသိပညာပေးဆိုင်ရာ ဗီဒီယိုများ

ပြည်သူ့နီတိအသိပညာတွေကို မျှဝေနိုင်ဖို့ animation video များကို ဗမာဘာသာစကား အပြင် ကချင်၊ ကရင်နီ၊ ပိုးကရင်၊ စကောကရင်၊ ချင်း(ဟားခါး)၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပအိုဝ်း တိုင်းရင်းသား ဘာသာစကားများဖြင့်ပါ ကြည့်ရှုနိုင်စေဖို့ရာ ဖန်တီးထားပါတယ်။

ဒီမိုကရေစီစနစ်

နိုင်ငံတစ်ခုမှာ ဒီမိုကရေစီထွန်းကားမှုရှိ/မရှိ ဆိုတာကို နိုင်ငံသားတိုင်းရဲ့ အခြေခံအခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ကိုးကွယ်ယုံကြည်ခွင့်တွေကို လေးစားတဲ့ အစိုးရနဲ့ အစိုးရအဖွဲ့အစည်းတွေရှိခြင်းစတဲ့ အချက်တွေနဲ့ တိုင်းတာနိုင်ပါတယ်။ ဒီမိုကရေစီစနစ်နဲ့ အခြားနိုင်ငံရေးစနစ်တွေအကြား ကွဲပြားမှုတွေကို နှိုင်းယှဉ်ပြီး ဒီမိုကရေစီစနစ်ရဲ့ အခြေခံသဘောတရားတွေကို ဒီဗီဒီယိုလေးထဲမှာ မိတ်ဆက်ပေးထားပါတယ်။
အသေးစိတ်ကြည့်ရန်

ဒီမိုကရေစီအသွင်ကူးပြောင်းမှု

ဒီမိုကရေစီအသွင်ကူးပြောင်းမှုဆိုတာ ဒီမိုကရေစီမဟုတ်တဲ့ စနစ်တစ်ခုခုကနေ ဒီမိုကရေစီစနစ်ဆီကို အသွင်ကူးပြောင်းတာပဲဖြစ်ပါတယ်။ နိုင်ငံတစ်ခုမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဖြစ်ဖို့အတွက် လိုအပ်တဲ့ အရင်းခံ အကြောင်းတရားတွေနဲ့ ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေရှိပါတယ်။ ဒီအကြောင်းအရာတွေအပြင် အာဏာကိုဘယ်လိုပုံစံနဲ့ လွှဲပြောင်းသလဲဆိုတာအပေါ်မူတည်ပြီး ကွဲပြားနိုင်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုပုံစံအမျိုးမျိုးအကြောင်းကို ယခုဗီဒီယိုလေးမှာ မျှဝေပေးထားပါတယ်။
အသေးစိတ်ကြည့်ရန်

ပတ်ဝန်းကျင်လူမှုအသိုက်အဝန်းအတွင်းက ဒီမိုကရေစီ

ဒီမိုကရေစီအလေ့အထဆိုတာ ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို ဆောင်ရွက်တာ ဒါမှမဟုတ် ပြဿနာတွေကို စုပေါင်းဖြေရှင်းရာမှာ လိုက်နာကျင့်သုံးရမယ့် မူတွေပဲဖြစ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦးကြား မတူညီတဲ့ အကျိုးစီးပွားတွေအပေါ်   နားလည်လက်ခံနိုင်ခြင်း၊ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းရဲ့ ဘုံအကျိုးစီးပွားအတွက် ဆွေးနွေးညှိနှိုင်းခြင်းနဲ့ အပေးအယူလုပ်ခြင်း၊ အများသဘောတူ ဆုံးဖြတ်ချက်ချခြင်းစတဲ့ အချက်တွေဟာ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအလေ့အထတွေပဲဖြစ်ပါတယ်။ ဒီမိုကရေစီမဟုတ်တဲ့ နိုင်ငံတွေမှာတောင် ပြည်သူတွေက မိမိတို့ရဲ့ လူမှုပတ်ဝန်းကျင်ထဲမှာ ဒီမိုကရေစီအလေ့အထတွေကို ကျင့်သုံးနိုင်ပြီး ကျင့်သုံးဖို့အတွက် လုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေအကြောင်း ဒီဗီဒီယိုလေးမှာ ပြောပြထားပါတယ်။
အသေးစိတ်ကြည့်ရန်

ဖက်ဒရယ်စနစ်

လူမျိုးစုပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ ပထဝီနယ်မြေအမျိုးမျိုးနဲ့ အခြားသောမတူညီမှုအမျိုးမျိုး ရှိနေတဲ့ လူအုပ်စုများစွာ အတူယှဉ်တွဲနေထိုင်တဲ့ နိုင်ငံတွေမှာ ပြည်သူတွေအားလုံးအတွက် လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ကို အာမခံချက်ပေးနိုင်ဖို့ ဖက်ဒရယ်ဒီမိုကရေစီကို ကျင့်သုံးဖို့လိုအပ်တယ်လို့ ဆိုကြပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်စနစ်အကြောင်း၊ ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီစနစ်တို့ရဲ့ အပြန်အလှန် အမှီသဟဲပြုကြပုံတို့အကြောင်းကို ပြည်သူများ လွယ်လင့်တကူ လေ့လာနိုင်စေဖို့ animation video လေးနဲ့ တင်ပြလိုက်ရပါတယ်။
အသေးစိတ်ကြည့်ရန်

ဖက်ဒရယ်စနစ်၏ အာဏာခွဲဝေမှုနှင့် အာဏာအမျိုးအစားများ

ဖက်ဒရယ်စနစ်ကို ကျင့်သုံးတော့မယ်ဆိုရင် ပြည်ထောင်စုအစိုးရ (ဗဟိုအစိုးရ) နဲ့ ပြည်နယ်/ဒေသအစိုးရ ဆိုပြီး အနည်းဆုံးအစိုးရ ၂ ရပ်ရှိရမှာဖြစ်ပါတယ်။ ဒီတော့ ၂ခုနဲ့အထက်ရှိတဲ့ အစိုးရတွေအကြားမှာ အာဏာကိုဘယ်လိုခွဲဝေမလဲဆိုတာ ကြိုတင်ပိုင်းခြားသတ်မှတ်ဖို့ လိုအပ်လာပါတယ်။ ယခုဗီဒီယိုလေးမှာတော့ ဖက်ဒရယ်စနစ်မှာ တွေ့ရလေ့ရှိတဲ့ အာဏာခွဲဝေမှုပုံစံတွေနဲ့ အာဏာအမျိုးအစားတွေရဲ့အကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
အသေးစိတ်ကြည့်ရန်

ဗဟုဝါဒ

လူ့အဖွဲ့အစည်းတစ်ခု သို့မဟုတ် နိုင်ငံတစ်ခုမှာ လူမျိုး၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးစံ အစရှိတဲ့ မတူညီတဲ့ လူအုပ်စုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြဖို့အတွက်ဆိုရင် နိုင်ငံရေး၊ စီးပွားရေး နဲ့ လူမှုရေးဆိုင်ရာ အခွင့်အရေးများကို တရားမျှတစွာ ရရှိနိုင်တဲ့အနေအထားကို ဖန်တီးတည်ဆောက်ဖို့လိုအပ်ပါတယ်။ ဒီ animation video လေးမှာ ဗဟုဝါဒဆိုတဲ့ အတွေးအခေါ်ပေါ်ပေါက်လာပုံနဲ့ ဗဟုဝါဒရဲ့ အခြေခံအကြောင်းအရာတွေကို မျှဝေပေးထားပါတယ်။
အသေးစိတ်ကြည့်ရန်

လူထုလှုပ်ရှားမှု

လူ့အဖွဲ့အစည်းအတွင်းမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး မညီမျှမှုတွေကြုံတွေ့လာရတဲ့အခါ လက်ရှိအခြေအနေကနေ ပိုမိုကောင်းမွန်တဲ့ အရွေ့တစ်ခု ဒါမှမဟုတ် ပြောင်းလဲမှုကိုဖော်ဆောင်ဖို့အတွက် အတူတကွပူးပေါင်းပြီး လှုပ်ရှားမှုတွေ ပြုလုပ်ကာ တောင်းဆိုကြပါတယ်။ လူထုလှုပ်ရှားမှုတွေဟာ ပေါ်ပေါက်လာရတဲ့ အကြောင်းတရားတွေ၊ ဦးတည်ချက်တွေ၊ လှုပ်ရှားမှုပုံစံတွေ မတူကြသလို ကျယ်ပြန့်မှုအတိုင်းအတာနဲ့ အောင်မြင်မှုတွေလည်း ကွဲပြားတဲ့အကြောင်းကို ဒီ Animation video လေးမှာ မျှဝေပေးထားပါတယ်။
အသေးစိတ်ကြည့်ရန်

လူမှုတရားမျှတမှု

လူ့အဖွဲ့အစည်းတွေမှာ တရားဥပဒေ၊ တရားစီရင်ရေးအဖွဲ့အစည်း စတာတွေ ဖွဲ့စည်းထားရှိပြိး မတရားမှုတစ်ခုဖြစ်လာတဲ့အခါ နစ်နာသူအတွက် တရားမျှတမှုပြန်လည်ရယူလေ့ရှိကြပါတယ်။ လူမှုတရားမျှတမှုဆိုတာကတော့ ဒီလို သမားရိုးကျ တရားမျှတမှုပုံစံကနေ ကွဲထွက်ပြီး အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျမှုတွေကနေ ကာကွယ်နိုင်ဖို့အတွက်နဲ့ လူမှုစီးပွားအခြေအနေ မတူညီမှုတွေကြောင့် အခွင့်အရေးဆုံးရှုံးမှုတွေ မဖြစ်ပေါ်ရအောင် စီစဉ်လုပ်ဆောင်တဲ့ တရားမျှတမှုပုံစံဖြစ်ပါတယ်။ လူမှုတရားမျှတမှုအကြောင်းကို ဒီဗီဒီယိုလေးနဲ့ မျှဝေလိုက်ရပါတယ်။
အသေးစိတ်ကြည့်ရန်

လူမှုတရားမျှတမှု၏ အခြေခံစည်းမျဉ်းများ

လူ့အဖွဲ့အစည်းအတွင်း အင်အားနည်းသူတွေအပေါ် ဖိနှိပ်ခြယ်လှယ်မှုတွေ မဖြစ်ပေါ်လာရအောင် လူမှုတရားမျှတမှုကို ဖော်ဆောင်ကြပါတယ်။ ဒီလိုဖော်ဆောင်ရာမှာ လူမှုတရားမျှတမှုရဲ့ စံတန်ဖိုး၊ ရည်ရွယ်ချက်တို့ကနေ သွေဖည်မသွားစေရအောင် လိုက်နာရမယ့်အခြေခံစည်းမျဉ်းတွေရှိပါတယ်။ ယခု animation video လေးမှာ ဒီအခြေခံစည်းမျဉ်းတွေကို ရှင်းလင်းတင်ပြထားပါတယ်။
အသေးစိတ်ကြည့်ရန်